The network connection is lost.

Banner Image

ပီအက်စ်ဂျီကြယ်ပွင့် လီကန်အင်းကို ခေါ်ယူဖို့ အက်သလက်တီကိုမက်ဒရစ် သဘောတူညီမှု ရရှိ

တောင်ကိုရီးယား ကွင်းလယ်လူ လီကန်အင်းကို အပြောင်းအရွှေ့အတွက် အက်သလက်တီကိုမက်ဒရစ်နဲ့ ပီအက်စ်ဂျီအသင်းတို့ သဘောတူညီမှု ရရှိသွားပြီလို့ သတင်းတွေအရ သိရပါတယ်။

Onze Mondial ရဲ့ ဖော်ပြချက်အရ ဒီအပြောင်းအရွှေ့ဟာ မကြာခင်မှာ အပြီးသတ်တော့မှာဖြစ်ပြီး ပီအက်စ်ဂျီအသင်းအနေနဲ့ ယူရို သန်း ၄၀ နီးပါး ရရှိဖို့ ရှိနေပါတယ်။ ဒါဟာ ၂၀၂၃ ခုနှစ်တုန်းက လီကန်အင်းကို မယော့ကာအသင်းဆီကနေ ဝယ်ယူခဲ့တဲ့ ယူရို ၂၂ သန်းထက် နှစ်ဆနီးပါး ပိုများတဲ့ ပမာဏလည်း ဖြစ်ပါတယ်။

နည်းပြ လူးဝစ်အင်းနရစ်ကေးရဲ့ လက်အောက်မှာ ပွဲထွက်လူစာရင်းမှာ အမြဲတမ်း ပါဝင်ခွင့်မရခဲ့ပေမဲ့ လီကန်အင်းဟာ အသင်းက ယုံကြည်ရတဲ့ အမာခံကစားသမားတစ်ယောက်အဖြစ် ရှိနေခဲ့ပါတယ်။

သူဟာ ပြီးခဲ့တဲ့ရာသီမှာ ပွဲပေါင်း ၃၉ ပွဲအထိ ပါဝင်ကစားခဲ့ပြီး ၁၉ ပွဲမှာ ပွဲထွက်ခွင့် ရခဲ့သလို ဂိုး ၄ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၅ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ လီကန်အင်းဟာ လာလီဂါပွဲစဉ်ပေါင်း ၁၁၀ အထိ ကစားခဲ့ဖူးတဲ့ စပိန်မြေဆီကို အခုတစ်ခါမှာတော့ ပြန်လည်ရောက်ရှိဖို့ အဆင်သင့် ဖြစ်နေပြီ ဖြစ်ပါတယ်။