ကမ္ဘာ့ဖလားပြိုင်ပွဲကြောင့် လာလီဂါရာသီအဖွင့်ပွဲစဉ်တွေ ရွှေ့ဆိုင်းသွားဖို့ အတည်ပြု
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကြောင့် ၂၀၂၆-၂၀၂၇ လာလီဂါဘောလုံးရာသီသစ် စတင်မယ့်အချိန် နောက်ကျသွားနိုင်သလို အပြောင်းအလဲတွေလည်း အများကြီး ရှိလာနိုင်ပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး ကစားသမားတွေအနားယူချိန်နဲ့ပတ်သက်တဲ့ စည်းမျဉ်းတွေကြောင့် သြဂုတ် ၁၄ ရက်မှ ၁၆ ရက်အတွင်း ကစားရမယ့် အနည်းဆုံးပွဲစဉ်လေးခုလောက်ကို ရွှေ့ဆိုင်းသွားမယ်လို့ လာလီဂါဥက္ကဋ္ဌတီဘတ်စ်က အတည်ပြုလိုက်ပါတယ်။
"ကစားသမားတွေက သူတို့ရဲ့နောက်ဆုံးကမ္ဘာ့ဖလားပွဲစဉ်အပြီး သုံးပတ်ကြာ အနားယူရမှာဖြစ်သလို ရာသီကြိုလေ့ကျင့်ခန်းဆင်းဖို့အတွက်လည်း သုံးပတ်အချိန်ပေးရပါမယ်" လို့ သူက ဆိုပါတယ်။
ရွှေ့ဆိုင်းလိုက်တဲ့ပွဲစဉ်တွေကတော့ ဘာစီလိုနာ vs ဘီလ်ဘာအို၊ ရီးရဲလ်မက်ဒရစ် vs ဆိုစီဒက်၊ အက်သလက်တီကိုမက်ဒရစ် vs မာလာဂါ၊ ဆယ်လ်တာဗီဂို vs အိုဆာဆူနာပွဲစဉ်တွေ ဖြစ်ပါတယ်။ ဒီအသင်းတွေမှာ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ရောက် စပိန်၊ ပြင်သစ်၊ အင်္ဂလန် သို့မဟုတ် အာဂျင်တီးနားကစားသမား အနည်းဆုံး တစ်ဦးစီ ပါဝင်နေပါတယ်။
အဲဒီပွဲစဉ်တွေကို ပွဲစဉ်(၂)နဲ့ ပွဲစဉ်(၃)အကြား အမြန်ဆုံးပြန်ကစားနိုင်အောင် စီစဉ်ထားပြီး အဆင်ပြေပြေညှိနှိုင်းနိုင်မယ်လို့ တီဘတ်စ်က ယုံကြည်နေပါတယ်။
"ကျွန်တော်တို့အတွက်ကတော့ ရာသီအဖွင့်ပွဲစဉ်ခြောက်ခုလောက်ကို သြဂုတ် ၁၄ ရက်ဝန်းကျင်မှာ ကစားစေပြီး ကျန်တဲ့ သုံး၊ လေးပွဲကိုတော့ သြဂုတ်လထဲမှာပဲ ကြားရက်(ဗုဒ္ဓဟူးနေ့) ကစားဖို့ ခွဲထုတ်လိုက်ရုံပါပဲ၊ ဒါ တကယ့်ကို လွယ်ကူပါတယ်" လို့ သူက ပြောပါတယ်။
တကယ်လို့ အထက်ပါကလပ်တွေတွေရဲ့ကစားသမားတစ်ဦးဦးသာ နိုင်ငံ့လက်ရွေးစင်အသင်းနဲ့အတူ ကမ္ဘာ့ဖလားဗိုလ်လုပွဲအထိ တက်ရောက်မယ်ဆိုရင် ပွဲစဉ်ရွှေ့ဆိုင်းမှုက ဩဂုတ်လကုန်အထိ ဖြစ်သွားနိုင်ပါတယ်။ လာလီဂါတာဝန်ရှိသူတွေကတော့ စက်တင်ဘာနိုင်ငံတကာသီတင်းပတ်အထိ ပွဲစဉ်တွေမကျန်နေစေဖို့ အတက်နိုင်ဆုံးကြိုးစားသွားပါလိမ့်မယ်။