The network connection is lost.

Banner Image

ကန်ဆယ်လိုနဲ့ ဂျာအိုဖီးလစ်တို့ရဲ့ ခြေစွမ်းအပေါ် အမြင်ကို ပြောကြားလိုက်တဲ့ ဇာဗီ

နိုင်ငံတကာပွဲစဉ်များ မကစားမီ အိုဆာဆူနာနှင့် ပွဲမှာ ကန်ဆယ်လိုနဲ့ ဂျာအိုဖီးလစ်တို့ဟာ အရန်ခုံကနေ ဝင်ရောက်ကစားခဲ့တာဖြစ်ပြီး ရီးရဲလ်ဘက်တစ်နှင့် ပွဲကတော့ ပေါ်တူဂီနိုင်ငံသား ၂ဦးစလုံးအတွက် အိမ်ကွင်းပွဲဦးထွက်ရော ပထမဆုံးပွဲထွက်ခွင့်ရရှိတဲ့ ပွဲစဉ်ဖြစ်ခဲ့ပါတယ်။

သူတို့ ၂ ဦးစလုံး အားသာတဲ့နေရာတွေဖြစ်တဲ့ ညာနောက်တန်းမှာ ကန်ဆယ်လိုက ကစားခဲ့သလို ဘယ်တောင်ပံမှာ ဖီလစ်က ကစားခဲ့တာဖြစ်ကာ ဘာစီလိုနာအနေနဲ့ သက်သောင့်သက်သာပဲ အနိုင်ရရှိခဲ့ပါတယ်။ ဒါကြောင့် အမှတ်ပေးဇယားတွင် တနင်္ဂနွေနေ့ပွဲစဉ် မကစားရသေးတဲ့ ရီးရဲလ်မက်ဒရစ်ရဲ့အထက်မှာ ရပ်တည်နိုင်ခဲ့ပြီဖြစ်ပါတယ်။

အငှားလာရောက်နေတဲ့ ကစားသမား ၂ဦးစလုံးက အကောင်းဆုံး ခြေစွမ်းပြနိုင်ခြင်းမရှိသော်လည်း ပထမပိုင်းမှာ ဖီးလစ်က အဖွင့်ဂိုးကိုသွင်းယူပေးခဲ့သလို ပွဲပြီးခါနီးမှာလည်း ကန်ဆယ်လိုက ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ လီဝန်ဒေါ့စကီး၊ ဖာရန်တောရက်စ်နှင့် ရာဖင်ဟာတို့ကလည်း ဂိုးသွင်းယူခဲ့ကြပါတယ်။

"တစ်ဦးချင်းအရည်အသွေးတွေမှာ သံသယဖြစ်ဖွယ်ရာအဆင့်ကို ကျော်လွန်သွားပြီဖြစ်တဲ့ ကစားသမား ၂ ဦး အကြောင်း ကျွန်တော်တို့က ပြောနေတာပါ။ သူတို့ကို လေ့ကျင့်ရေးမှာ စောင့်ကြည့်ခဲ့ပြီး အကောင်းဆုံးတွေကို တွေ့မြင်ခဲ့ရပါတယ်" လို့ ဇာဗီက Marca မှတစ်ဆင့် ပြောကြားခဲ့ပါတယ်။

"ကန်ဆယ်လိုဆိုတာ ကျွန်တော့်အတွက် အကောင်းဆုံးဖြစ်ပြီး အရာအားလုံးကို ကောင်းကောင်းနားလည်တဲ့ နည်းပြဂွါဒီယိုလာရဲ့ အသင်းကနေ ရောက်လာတာပါ။ ကျွန်တော်နဲ့ စကားပြောပြီးတဲ့အခါ သူက နားလည်သွားခဲ့ပါတယ်။ ဖီးလစ်ကိုတော့ Video Call နဲ့တွေ့ခဲ့တာပါ။ သူတို့၂ ဦးစလုံးက အသင်းကို တိုးတက်စေမယ့် မတူကွဲပြားမှုတွေ ပေးစွမ်းနိုင်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာအရ သူတို့ဟာ ကြံ့ခိုင်မှုရှိပါတယ်" "သူတို့ပျော်နေတာနဲ့ အသင်းကို ကူညီဖို့ စိတ်အားထက်သန်နေတာကို တွေ့မြင်နေရပါတယ်။ သူတို့ ၂ ဦး စလုံးက သူတို့ ကစားချင်တဲ့ နေရာမှာ ကစားးနေရတာပါ။ သူတို့ပျော်ပျော်ရွှင်ရွှင်နဲ့ ကစားပြီး အသင်းအတွက် ခြားနားမှုဖြစ်အောင် တွေလုပ်ခဲ့ပါတယ်။ သူတို့ရဲ့ တစ်ဦးချင်းအရည်အသွေးက အရမ်းကောင်းပြီး အသင်းအရည်အသွေးကို မြှင့်တင်ပေးရာရောက်ပါတယ်" လို့ ဇာဗီက ပြောပါတယ်။

ဘာစီလိုနာအတွက် နောက်ထပ်ပွဲစဉ်က အင်္ဂါနေ့မှာကစားရမယ့် အိမ်ကွင်းပွဲစဉ် ဖြစ်သော်လည်း အန့်ဝပ်နှင့် ကစားရမယ့် ချန်ပီယံလိဂ်ပွဲစဉ်အတွက်သာ အာရုံစိုက်ထားပါတယ်။ ဥရောပတွင် ၂ နှစ်နီးပါး ရလဒ်များဆိုးရွားခဲ့ပြီးနောက် ၂၀၂၀-၂၁ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အုပ်စုအဆင့်ကနေ တက်ရောက်ဖို့ ဘာစီလိုနာက ကြိုးစားရမှာ ဖြစ်ပါတယ်။