
ရီးရဲလ်မက်ဒရစ်နည်းပြဘဝမှာ ပထမဆုံးလိဂ်ပွဲစဉ်ရှုံးနိမ့်မှုကြုံတွေ့ရခြင်းအပေါ် တုံ့ပြန်မှတ်ချက်ပေးလာတဲ့ အလွန်ဆို
ယမန်နေ့၊ မက်ထရိုပိုလီတာနိုကွင်းမက်ဒရစ်ဒါဘီပွဲစဉ်မှာ အရေးနိမ့်ပြီးနောက် ရာသီသစ်အတွက် ပထမဆုံးရှုံးပွဲနဲ့ ရီးရဲလ်မက်ဒရစ်အသင်း ရင်ဆိုင်ခဲ့ရပါတယ်။ အခုပွဲစဉ်မှာ သူတို့တွေက အိမ်နီးချင်းအက်သလက်တီကိုမက်ဒရစ်ကို အငြင်းပွားဖွယ်မရှိ ၅-၂ ဂိုးဆိုတဲ့ရလဒ်ဖြင့် ရှုံးနိမ့်ခဲ့ပါတယ်။
ပွဲစဉ်အပြီးမှာတော့ ရီးရဲလ်မက်ဒရစ်နည်းပြအလွန်ဆိုက နာကျင်ဖွယ်ရှုံးနိမ့်မှုတစ်ခုလို့ ဝန်ခံပြောဆိုခဲ့ပါတယ်။ အလွန်ဆိုက “ အတော်လေးကို ဆိုးရွားလှတဲ့ ပွဲစဉ်တစ်ခုပါ။ ကျွန်တော်တို့တွေ အကောင်းဆုံးမစတင်နိုင်ခဲ့သလို ဘောလုံးပိုင်ဆိုင်ထားချိန်မှာရော၊ ဘောလုံးဆုံးရှုံးချိန်မှာပါ ပွဲရဲ့အရည်အသွေးကို လိုက်မီနိုင်ဖို့ စုစုစည်းစည်းမကစားနိုင်ခဲ့ပါဘူး။ ကျွန်တော်တို့အသင်းက ပြန်လည်တည်ဆောက်နေဆဲအဆင့်မှာပဲ ရှိပါသေးတယ်။ အခုတော့ ပထမဆုံးရှုံးပွဲနဲ့ ရင်ဆိုင်လိုက်ရပါပြီ။ ရှေ့ဆက်သွားနေရပါမယ်။ အနာဂတ်အတွက် အကူအညီဖြစ်စေနိုင်မယ့် ဖြစ်ပျက်ခဲ့တဲ့အရာတွေမှတဆင့် သင်ခန်းစာယူသွားဖို့ လိုအပ်ပါတယ်။
ဒါပေမဲ့ ဆင်ခြေပေးလို့မရပါဘူး။ ကျွန်တော်တို့လည်း နာကျင်ရသလို ပရိသတ်တွေလည်း နာကျင်ရပါတယ်။ ဒါက ဒါဘီပွဲစဉ်တစ်ခုဖြစ်ပြီး ကျွန်တော်တို့အတွက် ရှုံးနိမ့်မှုနဲ့ ထိုက်တန်ပါတယ်။ ကျွန်တော်တို့တွေ အကောင်းဆုံးပုံစံမှာ မရှိသလို နာကျင်စရာရှုံးပွဲ ဖြစ်လာပါတယ်”လို့ ပြောပါတယ်။
မြို့ခံပြိုင်ဘက်ကို ငါးဂိုးအထိခွင့်ပြုပေးလိုက်ရတဲ့ အချက်မှလွဲလို့ ဒီရှုံးနိမ့်မှုမှာ ဘယ်အခန်းကဏ္ဍကို စိုးရိမ်ပူပန်မှု အမြင့်ဆုံးဖြစ်လာသလဲဆိုတဲ့ မေးခွန်းကို အလွန်ဆိုက “ ကျွန်တော်တို့မှာ လုံလောက်တဲ့အင်အားစိုက်ထုတ်မှု မရှိသလို ပိုကောင်းအောင်လုပ်ပေးနိုင်မယ့် ပိုကောင်းတဲ့ တန်ပြန်တိုက်စစ်ချိန်ညှိမှုမျိုးလည်း မရှိခဲ့ပါဘူး။ အခုတော့ ကျွန်တော်တို့မှာ ဘာတွေဖြစ်လာနိုင်သလဲဆိုတာနဲ့ပတ်သက်လို့ စိတ်ကူးထားတာမျိုး ရှိပေမဲ့ တန်ဖိုးထားဖို့လည်း လိုအပ်ပါတယ်။
ဒီနေ့မှာဆိုရင် အသင်းက အခုလိုပွဲစဉ်မျိုးအတွက် ရှိထားရမယ့် အဆင့်အတန်းမျိုးမှာ မယှဉ်ပြိုင်နိုင်ခဲ့ဘူးလို့ ထင်ပါတယ်။ ကျွန်တော်တို့အသင်းရဲ့အဆင့်အတန်းကို မြှင့်တင်သွားရပါမယ်။ အဲ့ဒါကိုတော့ ကျွန်တော်တို့ လုပ်ကိုလုပ်သွားရပါမယ်”လို့ တုံ့ပြန်ဖြေကြားခဲ့ပါတယ်။
အခုလိုပေးဂိုးငါးဂိုးအထိ ရှိခဲ့မှုအပေါ် အလွန်ဆိုကိုယ်တိုင် ပါဝင်ကစားခဲ့ဖူးတဲ့ ၂၀၁၀ ပြည့်နှစ်၊ ဘာစီလိုနာကို ၅-၀ ဂိုးဖြင့် ရှုံနိမ့်ခဲ့တဲ့ အယ်လ်ကလက်စီကိုပွဲစဉ်နဲ့ နှိုင်းယှဉ်မှုတွေ ရှိလာခဲ့ပါတယ်။ ဒါကိုတော့ အလွန်ဆိုကိုယ်တိုင် မကျေမနပ် ဖြစ်သွားခဲ့ပါတယ်။
သူက “ ကျွန်တော်ကတော့ အဲ့ဒီလိုမျိုး မနှိုင်းယှဉ်ချင်ပါဘူး။ ဒါပေမဲ့ ဒါက အခုရာသီ၊ ကျွန်တော်တို့ရဲ့ နာကျင်ဖွယ်ရှုံးနိမ့်မှုတစ်ခုဆိုတာတော့ သံသယမရှိလိုက်ပါနဲ့။ ကျွန်တော်တို့အားလုံး နာကျင်ရသလို ပရိသတ်တွေလည်း နာကျင်ရမယ်ဆိုတာ သေချာပါတယ်။ ကျွန်တော်တို့မှာပဲ အပြည့်အဝတာဝန်ရှိတယ်လို့ ခံစားမိပါတယ်။ အခုတော့ ကျွန်တော်တို့ဘာတွေလုပ်သွားမယ်ဆိုတာ စောင့်ကြည့်ကြတာပေါ့။ ပြင်ဆင်ဖို့လိုအပ်တဲ့အရာတွေနဲ့ အနာဂတ်ဆီ ဘယ်လိုမျှော်မှန်းထားသလဲဆိုတာတွေကို စောင့်ကြည့်ရပါမယ်။ ကျွန်တော်တို့တွေ လာလီဂါအပါအဝင် ပြိုင်ပွဲစုံမှာ ပါဝင်ယှဉ်ပြိုင်နေပြီး ဒီအဆင့်မျိုးဆိုတာ ကျွန်တော်တို့ ရောက်ရှိချင်တဲ့ အဆင့်အတန်းမျိုး မဟုတ်ပါဘူး”လို့ ပြောပါတယ်။