ဇန်နဝါရီမှာ ဂယ်လာဟာကို အငှားစာချုပ်နဲ့ခေါ်ယူဖို့ကြိးပမ်းလာနိုင်တဲ့ ယူနိုက်တက်
မန်ချက်စတာယူနိုက်တက်ဟာ အက်သလက်တီကိုကွင်းလယ်ကြယ်ပွင့် ကော်နာဂယ်လာဟာကို စိတ်ဝင်စားနေပြီ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အက်သလက်တီကိုဘက်က အငှားစာချုပ်နဲ့ထွက်ခွာခွင့်ပေးမယ်ဆိုရင် ခေါ်ယူသွားနိုင်တယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလမှာ နည်းပြရူဘင်အာမိုရင်ဟာ ကွင်းလယ်ပိုင်းကိုအင်အားဖြည့်တင်းဖို့အတွက် ကြိုးစားခဲ့ပြီး ဂယ်လာဟာကို ချိတ်ဆက်မှုတွေပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။ ထိုစဉ်က ယူနိုက်တက်ဟာ အင်္ဂလန်သားကို အငှားစာချုပ်နဲ့သာခေါ်ယူလိုခဲ့တာဖြစ်ပေမယ့် အက်သလက်တီကိုဘက်က အပြီးသတ်ရောင်းချဖို့သာ ဆန္ဒရှိခဲ့တာကြောင့် အပြောင်းအရွှေ့ပျက်ပြယ်ခဲ့ပါတယ်။
အပြောင်းအရွှေ့ဂျာနယ်လစ် ဘင်ယာကော့စ်က "တကယ်လို့ အက်သလက်တီကိုက ရာသီဝက်မှာ ဂယ်လာဟာကို အငှားစာချုပ်နဲ့ထွက်ခွာခွင့်ပြုမယ်ဆိုရင် ယူနိုက်တက်အနေနဲ့ ကစားသမားကိုခေါ်ယူသွားနိုင်ချေရှိပါတယ်။ အက်သလက်တီကိုက ပေါင် ၃၅ သန်းကျော်လောက်နဲ့အပြီးသတ်ရောင်းမယ်ဆိုရင်တော့ ယူနိုက်တက်ဘက်က အဲဒီပမာဏကိုပေးချေဖို့ စဉ်းစားသွားနိုင်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
အာမိုရင်ဟာ ကွင်းလယ်လူသစ်တစ်ဦးကို ထပ်မံခေါ်ယူဖို့ နွေရာသီကတည်းက ပြင်ဆင်နေခဲ့တာဖြစ်ပြီး ဘရိုက်တန်ကြယ်ပွင့် ကားလို့စ်ဘာလီဘာကို ထိပ်တန်းပစ်မှတ်အဖြစ် စောင့်ကြည့်နေတာဖြစ်ပါတယ်။ ဒါ့အပြင် ပေါ်တူဂီသားရဲ့ရေဒါထဲမှာ ခရစ္စတယ်ပဲလေ့စ်ကွင်းလယ်လူ အဒမ်ဟွာတန်လည်းရောက်ရှိနေတယ်လို့သိရပါတယ်။
သို့သော်လည်း အဆိုပါကစားသမား ၂ ဦးစလုံးကိုတော့ ယူနိုက်တက်ဟာ ဇန်နဝါရီမှာခေါ်ယူနိုင်ဖို့မရှိတာကြောင့် ဂယ်လာဟာရဲ့အပြောင်းအရွှေ့အတွက် သတင်းတွေထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ ဂယ်လာဟာအနေနဲ့လည်း ယခု ၂၀၂၅-၂၆ ရာသီမှာ အက်သလက်တီကိုရဲ့ပြိုင်ပွဲစုံ ၁၂ ပွဲအတွင်း ၄ ပွဲသာပါဝင်ကစားခွင့်ရထားလို့ ပရီးမီးယားလိဂ်သို့ပြန်လာဖို့အတွက် စိတ်ဝင်စားနိုင်ပါတယ်။
ပရီးမီးယားလိဂ်မှာ ဆန်းဒါးလန်းနဲ့ လီဗာပူးတို့ကို ၂ ပွဲဆက်အနိုင်ရရှိထားတဲ့ယူနိုက်တက်ဟာ လာမယ့်စနေနေ့မှာတော့ ဘရိုက်တန်ကို အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်မှာ ဧည့်ခံကစားသွားရမှာဖြစ်ပြီး နိုင်ပွဲဆက်နေမှု ကိုဆက်လက်အရှိန်မြှင့်တင်သွားနိုင်မလား စောင့်ကြည့်ရပါမယ်။