အယ်လ်ကလက်စီကိုမှာ ယာမယ်လ်ကို စကားနာထိုးခဲ့ကြောင်း ဝန်ခံလာတဲ့ ကော်တိုရစ်
ရီးရဲလ်မက်ဒရစ်ဂိုးသမား ကော်တိုရစ်က သူဟာ ပြီးခဲ့တဲ့အောက်တိုဘာလက ဘာစီလိုနာကို ၂-၁ နဲ့အနိုင်ရခဲ့တဲ့ အယ်လ်ကလက်စီကိုပွဲစဉ်အပြီးမှာ ပြိုင်ဘက်ကြယ်ပွင့်ကစားသမား လာမိုင်းယာမယ်လ်ကို ဝေဖန်ပြောဆိုပြီး စကားနာထိုးခဲ့ကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။
အဆိုပါပွဲစဉ်မစတင်မီမှာတော့ ဘာစီလိုနာရဲ့ပါရမီရှင်ကစားသမားလေး ယာမယ်လ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ပရိသတ်တွေကိုပါ စော်ကားပြောဆိုမှုတွေပြုလုပ်ခဲ့တာကြောင့် ပွဲအတွင်း နှစ်ဖက်အသင်း ကစားသမားတွေကြားမှာ ပြဿနာတွေဖြစ်ပေါ်စေခဲ့ပါတယ်။
လာမိုင်းယာမယ်လ်ရဲ့ ပွဲမတိုင်ခင်ပြောဆိုခဲ့တဲ့ စကားတွေနဲ့ပတ်သက်ပြီး ကော်တိုရစ်က "တစ်ခါတလေမှာ လူတစ်ယောက်က အရမ်းစိတ်သက်သာရာရနေပြီး ပေါ့ပါးနေရင် မရည်ရွယ်ပဲ ပါးစပ်ထဲရှိတာတွေပြောတတ်ပါတယ်။ ကျွန်တော့်အတွက်တော့ လာမိုင်းယာမယ်လ်က အရမ်းကောင်းတဲ့ကစားသမားဖြစ်ပြီး သူက ဘာစီလိုနာအတွက် သမိုင်းမှတ်တိုင်တွေချန်ထားပေးနိုင်ပါလိမ့်မယ်"
"ဒါပေမယ့် သူအဲ့လိုတွေပြောလိုက်တာက နည်းနည်းဂယက်ရိုက်စေပြီး မီဒီယာတွေကလည်း သူ့ကိုဝေဖန်ခဲ့ကြပါတယ်။ အဲဒီပွဲအပြီးမှာ သူနဲ့ကာဗာဂျယ်တို့ အပြန်အလှန်စကားများနေကြတာ ကျွန်တော်တွေ့ခဲ့ပါတယ်။ အဲဒီကနေစပြီး အခြားကစားသမားတွေပါ ဝင်ပါကုန်ကြပါတယ်။ ဒါကြောင့် ကျွန်တော်လည်း ယာမယ်လ်ကို မကောင်းတာတစ်ခုခုပြောလိုက်မိပါတယ်။ ကျွန်တော်စိတ်ခံစားချက် အရမ်းမြင့်မားနေခဲ့လို့ မပြောသင့်တာပြောမိခဲ့တာပါ"
"အယ်လ်ကလက်စီကိုမှာ ဒါကတော့ သာမန်ပါပဲ။ ဒီလိုပွဲမျိုးမှာ ပြင်းထန်တဲ့အငွေ့အသက်လိုအပ်ပါတယ်။ အထူးသဖြင့် ပြီးခဲ့တဲ့နှစ်က ကျွန်တော်တို့ ဘာစီလိုနာကို ၄ ပွဲစလုံးရှုံးထားခဲ့လို့ အခဲမကြေခဲ့ပါဘူး။ ကျွန်တော်တို့ရဲ့ရန်သူလို့သဘောထားပြီး တိုက်ခိုက်ရမယ်ဆိုတဲ့ခံစားချက်မျိုးရှိနေခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က ကျွန်တော်တို့ကိုနိုင်ထားတာကြောင့် လေးစားမှုမပြခဲ့လို့ပါပဲ" လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး နည်းပြဇာဘီအလွန်ဆိုနဲ့ ဆက်ဆံရေးပျက်ပြားနေတယ်ဆိုတဲ့သတင်းတွေကိုလည်း ကော်တိုရစ်က "ကျွန်တော်နဲ့နည်းပြကြားမှာ ဆက်ဆံရေးကောင်းပါတယ်။ အဝတ်လဲခန်းထဲမှာတော့ အမြဲတမ်းကစားခွင့်မရလို့၊ ဒါမှမဟုတ် မတူညီတဲ့ပုံစံနဲ့ကစားရလို့ မပျော်တဲ့ကစားသမားတွေတော့ အမြဲရှိနေတတ်ပါတယ်။ ဒါပေမယ့် အစည်အဝေးတွေမှာတော့ ကျွန်တော်တို့ပွင့်ပွင့်လင်းလင်းဆွေးနွေးကြပြီး ဘာပြဿနာမှမဖြစ်ပါဘူး။ ဒီသတင်းတွေက အမှားတွေပါ။ ဆူညံနေတဲ့ကောလာဟလတွေပါပဲ" လို့ပြောကြားခဲ့ပါတယ်။