
The network connection is lost.

ကမ္ဘာ့ဖလားချန်ပီယံအဖြစ် ဆုဖလားဆွတ်ခူးနိုင်ခဲ့အပြီးမှာ နည်းပြ စကာလိုနီရဲ့ အာဂျင်တီးနား အသင်းက ၂၀၂၆ ကမ္ဘာ့ဖလားအကြို ခြေစစ်ပွဲစဉ်တွေနဲ့ ခြေစမ်းပွဲစဉ်တွေမှာ ရလဒ်ကောင်းတွေ ဆက်တိုက်ဖော်ဆောင်ကာ ယုံကြည်မှု မြင့်မားနေပြီး ဥရောပမှာ ခြေစွမ်းထက်နေတဲ့ ပေါ်တူဂီအပါအဝင် အခြားလက်ရွေးစင် အသင်းအချို့နဲ့ ခြေစမ်းကစားရန် စီစဉ်နေတာပဲ ဖြစ်ပါတယ်။
ဘောလုံးပရိသတ်တွေ အတွက် မျှော်လင့်ချက် တစ်ခုဖြစ်တဲ့ မက်ဆီ၊ ရော်နယ်ဒိုတို့ရဲ့ ကစားသမားဘဝ နေဝင်ချိန်တွေမှာ ထိပ်တိုက်ကစားကြရမယ့် ပွဲစဉ်တစ်ခုအဖြစ် အာဂျင်တီးနား ဘောလုံးအဖွဲ့ချုပ်က ပြင်ဆင်လာတာဖြစ်နိုင်ကြောင်း သတင်းဌာနအချို့က သုံးသပ် ဖော်ပြထားကြတာ ဖြစ်ပါတယ်။ အာဂျင်တီးနား အသင်းခေါင်းဆောင် မက်ဆီအနေဖြင့် အင်တာမီယာမီအသင်းတွင် ခြေစွမ်းပြ ကစားနိုင်ခဲ့အပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်အဖြစ် အီကွေဒေါအသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာလည်း နည်းပြ စကာလိုနီရဲ့အသင်းအတွက် အဖိုးတန်အနိုင်ဂိုးကို အလွတ်တည်ကန်ဘောကနေ လှလှပပကန်ကာ သွင်းယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။
ကမ္ဘာ့ဖလားချန်ပီယံ ဝါရင့်တိုက်စစ်မှုးက ပြီးခဲ့တဲ့နှစ်ဘောလုံးရာသီတွင် ပီအက်စ်ဂျီအသင်းမှာ ခြေစွမ်းကောင်းပြသကာ သွင်းဂိုးနဲ့ ဂိုးဖန်တီးမှုတွေ ပြုလုပ်ထားနိုင်ခဲ့ပေမဲ့ ပဲရစ်ပရိသတ်တွေရဲ့ ဝေဖန်မှုဒဏ်ကို ကြုံတွေ့နေရပြီး အပြောင်းအရွှေ့သတင်းတွေထွက်ပေါ်ခဲ့ကာ စာချုပ်သက်တမ်း ကုန်ချိန်မှာ အင်တာမီယာမီအသင်းကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။
မက်ဆီနဲ့ ရော်နယ်ဒိုရဲ့ ထိပ်တိုက်ကစားရမယ့် အာဂျင်တီးနားသင်းနဲ့ ပေါ်တူဂီအသင်းတို့ရဲ့ ပွဲစဉ်အပါအဝင် အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်က အင်္ဂလန်လက်ရွေးစင်အသင်း၊ ဂျာမနီ၊ နယ်သာလန်၊ ပြင်သစ်တို့နဲ့ပါ ခြေစမ်းကစားရန် စီစဉ်နေတာဖြစ်ပြီး ရှေ့လာမယ့် နိုဝင်ဘာ ၉ ရက်နေ့တွင် ပွဲစဉ်အချိန်တွေကို တရားဝင်ကြေငြာသွားဖွယ်ရှိနေတာပဲ ဖြစ်ပါတယ်။