ယူနိုက်တက်ရဲ့ ကစားသမားအပြောင်းအရွှေ့အစီအစဉ်တွေနဲ့ပတ်သက်ပြီး ဖွင့်ဟပြောကြားလာတဲ့ အာမိုရင်
လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ မန်ချက်စတာယူနိုက်တက်အနေနဲ့ ကစားသမားတစ်ဝက်လောက်ကိုရောင်းချပြီး အသင်းကိုပြန်လည်တည်ဆောက်ဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေထွက်ပေါ်နေချိန် နည်းပြ ရူဘင်အာမိုရင်က အပြောင်းအရွှေ့အစီအစဉ်တွေနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုမှုတွေပြုလုပ်လာခဲ့ပါတယ်။
အသင်းပိုင်ရှင် ဆာဂျင်မ်ရက်ကလစ်ဖ်ဟာ ယူနိုက်တက်ကို ပြုပြင်ပြောင်းလဲမှုတွေပြုလုပ်နိုင်ဖို့ နည်းပြအာမိုရင်ကို ကစားသမားသစ်ခေါ်ယူဖို့အတွက် အခွင့်အရေးပေးထားတယ်လို့လည်း သိရပါတယ်။ နည်းပြဟောင်း အဲရစ်တန်ဟက်ရဲ့နေရာကို အစားထိုးဝင်ရောက်လာခဲ့တဲ့ ပေါ်တူဂီသားအနေနဲ့လည်း ယခုအခါမှာ သူ့ရဲ့အစီအစဉ်တွေကို အသိပေးပြောကြားလာခဲ့တာဖြစ်ပါတယ်။
အာမိုရင်က ကလပ်ကိုပြုပြင်မှုတွေပြုလုပ်ဖို့ စီစဉ်ထားပေမယ့် အသင်းရဲ့အကယ်ဒမီကစားသမားလေးတွေကိုလည်း အာရုံစိုက်ထားဖို့လိုအပ်ကြောင်းနဲ့ ကစားသမားသစ်တွေခေါ်ယူဖို့ ပစ်မှတ်တွေချိန်ထားကြောင်း ပြောကြားခဲ့ပါတယ်။ အသက်-၃၉ နှစ်အရွယ်နည်းပြက “ကျွန်တော့်မှာရှိတဲ့ကစားသမားတွေကို အာရုံစိုက်နေပါတယ်။ သူတို့ကိုနားလည်ဖို့နဲ့ ဘယ်လိုအသုံးချရမလဲဆိုတာ အရေးကြီးပါတယ်။ ဒါက ကလပ်ရဲ့ပြဿနာတွေထဲကတစ်ခုလည်းဖြစ်ပါတယ်။ ကျွန်တော်တို့မှာရှိနေတဲ့ ကစားသမားတွေ၊ အကယ်ဒမီကစားသမားလေးတွေနဲ့ အသစ်ခေါ်ယူဖို့ပစ်မှတ်ထားနေတဲ့ ကစားသမားတွေအားလုံးအပေါ်မှာ အာရုံစိုက်ထားပါတယ်။ စီစဉ်ရမှာတွေ အများကြီးရှိနေပါတယ်”
“အခြားတစ်ဖက်မှာဆိုရင်လည်း ကျွန်တော်တို့ရဲ့ အလွတ်တည်ကန်ဘောတွေနဲ့ပတ်သက်ပြီး ပြင်ဆင်မှုတွေပြုလုပ်နေရပါတယ်။ ကျွန်တော်တို့အသင်းက အခြားအသင်းကြီးတွေနဲ့ယှဉ်လိုက်မယ်ဆိုရင် နောက်ကောက်ကျနေတယ်လို့ခံစားရပါတယ်။ ဒီအပိုင်းတွေမှာ ပြပြုင်မှုတွေပြုလုပ်ဖို့လိုအပ်သလို၊ ကစားသမားအရောင်းအဝယ်ကိစ္စတွေမှာလည်း ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ရပါဦးမယ်”
“ကျွန်တော်တို့မှာ နိုင်ငံတကာထိပ်တန်းကစားသမားတွေရှိပါတယ်။ သူတို့ကို သင်ပေးနိုင်ဖို့ အချိန်ကာလတစ်ချို့လိုအပ်ပါသေးတယ်။ ဒါက ကြီးမားတဲ့ကလပ်ပါ။ ပွဲစဉ်တွေမှာ အနိုင်မရဘူးဆိုရင် နည်းပြရော၊ ကစားသမားတွေပါ အသင်းကနေ ထွက်ခွာရနိုင်ပါတယ်။ ကစားသမား အရောင်းအဝယ်တွေမပြုလုပ်ခင်မှာပဲ အသင်းမှာ လုပ်စရာတွေအများကြီးကျန်နေပါသေးတယ်။ လက်ရှိအချိန်မှာတော့ အသင်းမှာရှိတဲ့ ကစားသမားတွေ တိုးတက်လာဖို့ပဲ အာရုံစိုက်ထားပါတယ်” လို့ပြောကြားခဲ့ပါတယ်။
ပရီးမီးယားလိဂ်မှာ အာဆင်နယ်နဲ့ နော်တင်ဟမ်ဖောရက်စ်တို့ကို ၂ ပွဲဆက်ရှုံးနိမ့်ထားခဲ့တဲ့ ယူနိုက်တက်ဟာ လာမယ့်ကြာသပတေးနေ့ညမှာတော့ ယူရိုပါလိဂ်ပွဲစဉ်အဖြစ် ဗစ်တိုးရီးယားပယ်လ်ဇင်နဲ့ယှဉ်ပြိုင်သွားရပါမယ်။