ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့တာကြောင့် ပေါင် ၈.၄ သန်းရရှိမယ့် ဂျော်ဂျီယာအသင်း
ဂျော်ဂျီယာအသင်းသားတွေအနေနဲ့ ယူရို ၂၀၂၄ မှာ ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့တာကြောင့် ပေါင် ၈.၄ သန်းရရှိမယ်လို့ သိရပါတယ်။
ပေါ်တူဂီအသင်းကို ၂-၀ နဲ့ အနိုင်ရခဲ့ပြီးနောက် ဂျော်ဂျီယာအသင်းဟာ ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။ အခုလိုအဆင့်မျိုးကို တက်ရောက်နိုင်ခဲ့တာကြောင့် ဂျော်ဂျီယာကစားသမားတွေ အနေနဲ့ ဝန်ကြီးဟောင်းဆီကနေ လက်ဆောင်ကြီးတစ်ခုရရှိခဲ့တာဖြစ်ပါတယ်။
ဂျော်ဂျီယာတိုင်းမ်စ်သတင်းဌာနရဲ့အဆိုအရ ဝန်ကြီးဟောင်း ဘစ်ဇီနာဟာ ဂျော်ဂျီယာ အသင်းကို ပေါင် ၈.၄ သန်းပေးအပ်ခဲ့တာဖြစ်ပါတယ်။ ဂျော်ဂျီယာအသင်းဟာ ၁၆ သင်းအဆင့်မှာ စပိန်အသင်းနဲ့ ရင်ဆိုင်ရမျာဖြစ်ပြီး တကယ်လို့အနိုင်ရပြီး နောက်တစ်ဆင့် ထပ်တက်နိုင်ခဲ့ရင် နောက်ထပ်ပေါင် ၈.၄ သန်း ထပ်ပေးမှာဖြစ်ပါတယ်။
“သန်း ၃၀ က နိုင်ငံအသင်းအတွက်ပါ။ တစ်ချိန်တည်းမှာပဲ ဘစ်ဇီနာက စပိန်အသင်းကိုထပ်အနိုင်ရခဲ့ရင် နောက်ထပ် ဂျော်ဂျီယာငွေသန်း ၃၀ ထပ်ပေးမှာပါ။ ဒါက ဂျော်ဂျီယာအသင်းနဲ့ ကစားသမားတွေကို ဂုဏ်ပြုတာပါ”လို့ ပြောကြားခဲ့ပါတယ်။
ဂျော်ဂျီယာအသင်းဟာ ပေါ်တူဂီအသင်း အနိုင်ရခဲ့တာကြောင့် အင်္ဂလန်ကိုလည်း ကူညီပေးနိုင်ခဲ့တာဖြစ်ပြီး အင်္ဂလန်က ဆလိုဗက်ကီးယားနဲ့ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ အင်္ဂလန်ဟာ ယခင်တုန်းက နယ်သာလန်နဲ့ရင်ဆိုင်ရဖို့များခဲ့ပေမယ့် ဂျော်ဂျီယာက ပေါ်တူဂီကို ၂-၀ အနိုင်ရခဲ့တာကြောင့် အပြောင်းအလဲဖြစ်သွားခဲ့တာဖြစ်ပါတယ်။
အင်္ဂလန်ဟာ ဆလိုဗက်ကီးယားနဲ့ ကန်ရမှာဖြစ်တာကြောင့် ဖိုင်နယ်အထိ တက်ရောက်နိုင်ဖို့ အခြေအနေကောင်းနေပါတယ်။ ဆောက်ဂိတ်ရဲ့အသင်းကတော့ ဆလိုဗက်ကီးယားကို ကျော်ဖြတ်နိုင်ခဲ့ရင် ကွာတားဖိုင်နယ်မှာ အီတလီ ဒါမှဟုတ် ဆွစ်ဇာလန်ရင်ဆိုင်ရမှာဖြစ်ပါတယ်။
ရန်နစ်ရဲ့သြစတြီးအသင်းကလည်း ခြေစွမ်းပြနေပြီး ဆီမီးဖိုင်နယ်မှာ တွေ့ဆုံနိုင်ချေရှိနေပါတယ်။ အင်္ဂလန်အသင်းဟာ အခုပြိုင်ပွဲမှာ ယူရိုချန်ပီယံဖြစ်ဖို့ ရေပန်းစားနေပြီး ယခင်ယူရိုတုန်းက အီတလီကို ဝင်ဘာလေမှာ ပင်နယ်တီနဲ့ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။