The network connection is lost.

Banner Image

အက်ဖ်အေဖလားချန်ပီယံဘွဲ့လောက်နဲ့ မန်စီးတီးခေတ်ကို ပြန်မတည်ဆောက်နိုင်ဘူးလို့ ဒဲ့ပြောလိုက်တဲ့ ပက်ဂွါဒီယိုလာ

မန်စီးတီးနည်းပြပက်ဂွါဒီယိုလာက အက်ဖ်အေဖလားဆွတ်ခူးနိုင်ရုံလောက်နဲ့ အသင်းရဲ့အခုရာသီကျရှုံးမှုတွေကို အဖတ်မဆယ်နိုင်ပေမယ့် ဒီချန်ပီယံဘွဲ့ဟာ အခုဘောလုံးရာသီကို အကောင်းဆုံးအဆုံးသတ်နိုင်မယ့် နည်းလမ်းတစ်ခုတော့ ဖြစ်နေဆဲပါလို့ သောကြာနေ့မှာ ဝန်ခံပြောဆိုခဲ့ပါတယ်။ မန်စီးတီးအသင်းက လွန်ခဲ့တဲ့ဘောလုံးရာသီနှစ်ခုပေါင်းထက် များပြားတဲ့ရှုံးပွဲပမာဏကို အခုဘောလုံးရာသီ(၉ ပွဲ)မှာ ပိုင်ဆိုင်ခဲ့ပြီး ဘောလုံးရာသီအစောပိုင်းကာလမှာပဲ ပြိုင်ဘက်လီဗာပူးနဲ့ အာဆင်နယ်တို့နောက်မှာ ပြတ်ကျန်ခဲ့ပါတယ်။ ဒါ့အပြင် သူတို့တွေက ချန်ပီယံလိဂ်ပြိုင်ပွဲကိုလည်း ပလေးအော့ဖ်ရှုံးထွက်အဆင့်မှာပဲ နှုတ်ဆက်ခဲ့ရပြန်ပါတယ်။

မန်စီးတီးနည်းပြဘဝမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုခြောက်ကြိမ်တိုင် ဆွတ်ခူးနိုင်ဖူးတဲ့ ပက်ဂွါဒီယိုလာက မန်ချက်စတာမြေမှာ ဖလားလက်မဲ့ဘောလုံးရာသီနဲ့ မကြံဆုံခဲ့ဖူးပါဘူး။ ဒါကြောင့် စပိန်သားနည်းပြက လာမယ့်ဘောလုံးရာသီမှာ သူ့ရဲ့အသင်းဟာ အကောင်းဆုံးပုံစံပြန်လည်ရရှိလာလိမ့်မယ်လို့ မျှော်လင့်နေပါတယ်။ သတင်းထောက်တွေနဲ့တွေ့ဆုံချိန် ပက်ဂွါဒီယိုလာက “အက်ဖ်အေဖလားဆွတ်ခူနိုင်မှုက ကျွန်တော်တို့ပိုင်ဆိုင်ခဲ့ဖူးတဲ့အရာတွေကို အတိအကျပြန်ပေးလာတာမျိုး မဟုတ်ပါဘူး။ ဒါက ဆုဖလားတစ်ခု ဖြစ်သလို ကိန်းဂဏန်းတစ်ခုလည်း ဖြစ်ပါတယ်။ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမဝင်ခင် ခဏတာအနားယူရချိန် အက်ဖ်အေဖလားချန်ပီယံအဖြစ်နဲ့ ရာသီသိမ်းထားနိုင်မယ်ဆိုရင် ပျော်ရွှင်စရာဖြစ်လာလိမ့်မယ်ဆိုတာ သေချာပါတယ်။

ဒါပေမယ့် ကျွန်တော့်အတွက်တော့ ဘာမှမပြောင်းလဲသွားပါဘူး။ အခုလိုအခြေအနေမျိုးတွေက မန်စီးတီးတင်မက ကမ္ဘာအနှံ့မှာရှိတဲ့ဘောလုံးအသင်းတိုင်း ကြုံရနိုင်ပါတယ်။ ရှစ်နှစ်တာကာလအတွင်း ရာသီအလယ်လောက်မှာပဲ ကျွန်တော် အတော်လေး အံ့အားသင့်ခဲ့ပါတယ်။ အခုတော့ ကျွန်တော်တို့တွေ အမှတ်ပေးဇယားတတိယနေရာဆီ ပြန်လည်ရောက်ရှိနေပါပြီ။

ကျွန်တော်တို့အသင်းကျဆင်းမှုမှာ မထင်မှတ်ထားတဲ့အကြောင်းအရာတွေ အများကြီးပါဝင်ပါတယ်။ လာမယ့်ဘောလုံးရာသီမှာတော့ ကျွန်တော်တို့အသင်း ပိုကောင်းလာမယ်ဆိုတဲ့ခံစားချက်မျိုး ကျွန်တော့်မှာရှိပါတယ်။ ကျွန်တော်တို့တွေ အခုထက်ပိုကောင်းတဲ့ပုံစံမျိုးနဲ့ ယှဉ်ပြိုင်နိုင်ပါလိမ့်မယ်။ အခုလက်ရှိရောက်နေတဲ့နေရာထက် ရှေ့ဆီ ပိုမိုရောက်ရှိနေပါလိမ့်မယ်”လို့ ပြောပါတယ်။

မန်စီးတီးက လာမယ့်တနင်္ဂနွေနေ့၊ ဝင်ဘာလေကွင်းမှာ ဒုတိယမြောက်ဆီမီးဖိုင်နယ်အဖြစ် နော်တင်ဟမ်ဖောရက်စ်နဲ့ ယှဉ်ပြိုင်ကစားရပါမယ်။ ပက်ဂွါဒီယိုလာကတော့ နောက်ဆုံးသုံးကြိမ်ဆက်အက်ဖ်အေဖလားဗိုလ်လုပွဲဆီ တက်ရောက်ပြီး ခရစ္စတယ်ပဲလေ့စ်(သို့မဟုတ်)အက်စတွန်ဗီလာနဲ့ ရင်ဆိုင်ကစားသွားဖို့ ပစ်မှတ်ထားနေပါတယ်။ ဒါပေမယ့် နူနိုဆန်းတို့ဦးဆောင်တဲ့ နော်တင်ဟမ်ဖောရက်စ်က ၃၄ နှစ်အတွင်း ပထမဆုံးအကြိမ် အက်ဖ်အေဖလားဗိုလ်လုပွဲကစားနိုင်ဖို့နဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာလည်း မန်စီးတီးနဲ့အပြိုင် ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာအတွက် အကြိတ်အနယ်ကြိုးစားနေတဲ့ ကလပ်အသင်းတစ်ခု ဖြစ်ပါတယ်။

ပက်ဂွါဒီယိုလာက “ သုံးကြိမ်ဆက်ဗိုလ်လုပွဲရောက်ရှိတာ ကောင်းပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က အလွန်ခက်ခဲပြင်းထန်မယ့် ပြိုင်ဘက်နဲ့ ရင်ဆိုင်သွားရဦးမှာပါ။ အက်ဖ်အေဖလားဆီမီးဖိုင်နယ်ကစားခွင့်ရရှိဖို့ နော်တင်ဟမ်ဖောရက်စ်ပရိသတ်တွေကိုယ်တိုင် အချိန်အကြာကြီး စောင့်ဆိုင်းခဲ့ရတာပါ။ ဒါပေမယ့် ကျွန်တော်တို့ကလည်း ဒီပြိုင်ပွဲအတွင်းမှာ နှစ်ပေါင်းများစွားကြာ ရှိလာခဲ့ပြီးပါပြီ။ နူနိုဆန်းတို့စ်က အံ့အားသင့်စရာတွေ လုပ်ပြခဲ့ပြီးပါပြီ။ သူက ဝုဗ်နဲ့အတူ ယူရိုပါလိဂ်ပြိုင်ပွဲဝင်ခွင့် ရရှိဖူးပါတယ်။ အခုလည်း နော်တင်ဟမ်ဖောရက်စ်နဲ့ အကောင်းဆုံးလုပ်ပြနေပါတယ်။ အရမ်းကောင်းတဲ့အလုပ်တစ်ခုကို နူနိုဆန်းတို့စ် လုပ်ပြခဲ့တာပါ”လို့ ပြောပါတယ်။

ဆက်လက်ပြီး ဒဏ်ရာပြဿနာတစ်ခုကြောင့် နောက်ဆုံးနှစ်ပွဲဆက်လွဲချော်ခဲ့တဲ့ ဂိုးသမားအီဒါဆန်အနေဖြင့် လေ့ကျင့်ခန်းပြန်ဆင်းနေပေမယ့် ဆီမီးဖိုင်နယ်ပွဲစဉ်အတွက် ပါဝင်ကစားပေးနိုင်မလားဆိုတာ မသိရသေးဘူးလို့ ပက်ဂွါဒီယိုလာက ထုတ်ဖော်ပြောဆိုပါတယ်။ သူက “ နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲစဉ်အတွက် အီဒါဆန်အဆင်သင့်ဖြစ်နေမလားဆိုတာ ကျွန်တော်လည်း မသိသေးပါဘူး။ လာမယ့်ပွဲစဉ်အတွက်တော့ မျှော်လင့်မိပါတယ်”လို့ ပြောပါတယ်။