
ဘာစီလိုနာ နဲ့ အင်တာတို့ ချန်ပီယံလိဂ်ပွဲမှာ ကွင်းလယ်ဒိုင်ကြီးမားတဲ့အမှားလုပ်ခဲ့တယ်လို့ ဝင်းဂါး အခိုင်အမာဆို
အာဆင်နယ်ဂန္ထဝင်ဟောင်း အာစင်ဝင်းဂါးက အင်တာ နဲ့ ဘာစီလိုနာပွဲမှာ ကွင်းလယ်ဒိုင်ကြီးမားတဲ့အမှားလုပ်ခဲ့တယ်လို့ ယုံကြည်နေပါတယ်။ ဘာစီလိုနာဟာ ပထမအကျော့တုန်းက အိမ်ကွင်းမှာလည်း ၂-၀ နဲ့အရေးနိမ့်ခဲ့ပေမယ့် ပြန်လိုက်ကစားနိုင်ခဲ့တာဖြစ်ပြီး သရေရလဒ်ရယူနိုင်ခဲ့ပါတယ်။
အဲ့နောက် ဒုတိယအကျော့မှာလည်း အင်တာမီလန်က ဦးဆောင်နိုင်ခဲ့ပေမယ့် နောက်ကနေပြန်လိုက်ကစားပြီး ၃-၂ နဲ့အနိုင်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အင်တာမီလန်အသင်းဘက်က ချေပဂိုးရခဲ့ပြီး အသက် ၃၇ နှစ်သားနောက်ခံလူ အဆာဘီက အဖိုးတန်ချေပဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။
အဆိုပါချေပဂိုးက ခွန်အားအသစ်တွေရရှိခဲ့ပြီး နောက်ကျအနိုင်ဂိုးကို ဖရက်စတီက သွင်းယူပေးနိုင်ခဲ့ပါတယ်။ စပိန်မြေမှာ ၃-၃ သရေကျခဲ့တဲ့ပွဲမှာလည်း အင်တာမီလန်ဟာ ၂-၀ နဲ့ ဦးဆောင်နိုင်ခဲ့သလို အခုအိမ်ကွင်းမှာလည်း ၂-၀ နဲ့ ထပ်မံဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။
မာတီနက်ဇ်က ဒဏ်ရာအခြေအနေကြောင့် ပွဲထဲပါဝင်လာနိုင်ချေမရှိပေမယ့် တကယ်တမ်းပါဝင်လာချိန်မှာ အသင်းအတွက် အကျိုးပြုခဲ့သလို ၁ ဂိုးသွင်း ၊ ပင်နယ်တီ ၁ ကြိမ်ရယူပေးနိုင်ခဲ့ပါတယ်။ အင်တာမီလန်ဟာ VAR ကြောင့် ပင်နယ်တီရရှိခဲ့တာဖြစ်ပြီး ကာဘာဆီက မာတီနက်ဇ်ကို ပြစ်ဒဏ်ကျူးလွန်ခဲ့တာဖြစ်ပါတယ်။
ကွင်းလယ်ဒိုင် ဆက်ဇ်မွန်က ကနဦးမှာ အင်တာရဲ့တောင်းဆိုမှုကို ငြင်းဆန်ခဲ့ပေမယ့် VAR က မော်နီတာဆီကိုသွားဖို့ အကြံပြုခဲ့ပြီး ဆုံးဖြတ်ချက်က ပြန်လည်ပြောင်းလဲခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်ဂန္ထဝင်နည်းပြကြီး ဝင်းဂါးက အဆိုပါဆုံးဖြတ်ချက်ကို သဘောမတူခဲ့ပဲ မာတီနက်ဇ်က ပင်နယ်တီဝယ်ယူခဲ့တယ်လို့ ပြောကြားလိုက်ပါတယ်။
“ဒီလိုပင်နယ်တီမျိုးကို ကျွန်တော် အမြင့်ဆုံးဆန့်ကျင်ပါတယ်။ ကျွန်တော် အနှေးပြကွက်သုံးတာမျိုးကို ဆန့်ကျင်ပါတယ်။ သာမန်ပြေးလွှားမှုဖြစ်သလို ကောင်းမွန်တဲ့ဖျက်ထုတ်မှုပါ။ သူက ဘောလုံးအရင်ထိတာပါ။ မာတီနက်ဇ်လုပ်တာကို ကြည့်လိုက်ပါ။ သူက ပင်နယ်တီကိုတောင်းဆိုနေတာပါ။ သူဂိုးမသွင်းနိုင်ဘူးဆိုတာ သိပါတယ်။ ဘာလို့လဲဆိုတော့ နောက်ခံလူအဲ့နေရာမှာရှိနေတယ်လို့ ခံစားရပါတယ်။
ကွင်းလယ်ဒိုင်က အခုအခြေအနေမှာ မှန်ကန်တဲ့ဆုံးဖြတ်ချက်မပြုလုပ်နိုင်ခဲ့ပါဘူး။ သူ(ကာဘာဆီ)က ဘောလုံးအရင်ထိတာပါ။ ကျန်တာက လော်တာရိုလုပ်ဆောင်တာပါ။ ထိချက်ရှိခဲ့ရင်တောင် ပြဿနာမဟုတ်ပါဘူး”လို့ ဝင်းဂါးက ဖြေကြားခဲ့ပါတယ်။
ဘာစီလိုနာဟာ နောက်ပိုင်းပွဲတွေမှာ ပင်နယ်တီနဲ့ပတ်သက်ပြီး စိတ်ပျက်နေသလို ယာမဲလ်ကို ပြစ်ဒဏ်ကျူးလွန်ခဲ့ပေမယ့် VAR က ပင်နယ်တီအဖြစ်မသတ်မှတ်ခဲ့တာဖြစ်ပါတယ်။ အင်တာမီလန်ဟာ ဖိုင်နယ်ကိုတက်ရောက်နိုင်ခဲ့တာကြောင့်တစ်ဖက်မှာကစားမယ့် အာဆင်နယ် နဲ့ ပီအက်စ်ဂျီတို့ထဲကတစ်သင်းသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။
ဘာစီလိုနာအနေနဲ့တော့ ချန်ပီယံလိဂ်ကနေထွက်ခဲ့ရပြီးနောက် လာလီဂါဘက်ကို အာရုံစိုက်ရတော့မှာဖြစ်ပြီး ၄ ပွဲကစားဖို့ ကျန်နေချိန်မှာ ရီးရဲလ်အသင်းကို ၄ မှတ်ဖြတ်ကာ ပထမနေရာကနေ ဦးဆောင်နေပါတယ်။