The network connection is lost.

Banner Image

အချိန်ပိုမှာ ယာမယ်လ်ရဲ့အပိုင်ကန်ချက်ကို ကာကွယ်နိုင်ခဲ့ပုံနဲ့ပတ်သက်လို့ ဖွင့်ဟလာတဲ့ ယန်းဆွန်းမား

ချန်ပီယံလိဂ်ဗိုလ်လုပွဲဆီ အင်တာမီလန်ရောက်ရှိသွားစေဖို့ ဘာစီလိုနာကို အနိုင်ယူခဲ့တဲ့ပွဲစဉ်မှာ အထူးအစွမ်းပြခဲ့သူတစ်ဦးဖြစ်တဲ့ ဆွစ်ဇာလန်ဂိုးသမားယန်းဆွန်းမားက စပိန်လူငယ်ကြယ်ပွင့်ယာမယ်လ်ရဲ့ တိုက်စစ်ဆင်မှုအပေါ်ဟန့်တားခဲ့တဲ့ သူ့ရဲ့လုပ်ဆောင်ချက်ကို ဒီညအတွက် အထူးခြားဆုံးအခိုက်အတန့်အဖြစ် သတ်မှတ်ခဲ့ပါတယ်။

အထူးသဖြင့် အချိန်ပိုနောက်ဆုံးမိနစ်တွေမှာ အိမ်ရှင်အသင်းဂိုးပေါက်ရှေ့ ယန်းဆွန်းမားရဲ့စွမ်းဆောင်ရည်က အတော်လေးအရေးပါခဲ့ပြီး ကစားသမားကိုယ်တိုင်လည်း ယူအီးအက်ဖ်အေရဲ့ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆုကို ရရှိသွားခဲ့ပါတယ်။

ပွဲစဉ်အပြီး Sky Sports Italia နဲ့တွေ့ဆုံချိန် ယန်းဆွန်းမားက “ ကျွန်တော် အရမ်းပျော်ရွှင်မိပါတယ်။ ဒါက မယုံကြည်နိုင်လောက်စရာပွဲစဉ်တစ်ခု ဖြစ်ပါတယ်။ အသင်းကိုယ်တိုင်လည်း ဒီညမှာ မယုံကြည်နိုင်စရာတစ်ခုကို လုပ်ဆောင်ပြခဲ့ပါတယ်။

လမိုင်းယာမယ်လ်ရဲ့နောက်ဆုံးကန်ချက်ကို ကာကွယ်လိုက်နိုင်ခဲ့တာက အလွန်အမင်းစပါယ်ရှယ်ဖြစ်ခဲ့ပါတယ်။ သူက အတော်ကောင်းမွန်တဲ့ကစားသမားတစ်ဦးဖြစ်ပြီး အတွင်းအထိချိုးဝင်ကာ ကန်ချက်တွေနဲ့ ခြိမ်းခြောက်ဖို့ အမြဲတမ်းကြိုးစားခဲ့ပါတယ်။ သူ့ရဲ့နောက်ဆုံးကန်ချက် ဂိုးမဝင်သွားလို့ ကျွန်တော် ဝမ်းသာမိပါတယ်”လို့ ပြောပါတယ်။

မန်စီးတီးနဲ့ရင်ဆိုင်ရတဲ့ ၂၀၂၃ ခုနှစ်၊ ချန်ပီယံလိဂ်ဗိုလ်လုပွဲအတွက် အသင်းလူစာရင်းမှာ မပါဝင်နိုင်ခဲ့တဲ့ ယန်းဆွန်းမားက အခုအချိန်မှာတော့ သူ့ရဲ့ကစားသမားသက်တမ်းတလျှောက် ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဖိုင်နယ်ပွဲစဉ်ကို ဆင်နွှဲရပါတော့မယ်။ ဒါကြောင့်ပဲ သူက အသင်းရဲ့စိတ်ဓါတ်ကြံ့ခိုင်မှုအပေါ် ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။

သူက “ အခုပွဲစဉ်မှာ အဆုံးသတ်ချိန်အထိ ကျွန်တော်တို့ရဲ့ယုံကြည်ချက် ဘယ်လိုရှိသလဲဆိုတာကို ပြသသွားခဲ့ပါတယ်။ အဆာဘီကိုပဲ ကြည့်လိုက်ပါ။ ကျွန်တော်တို့က နောက်ဆုံးစက္ကန့်တွေအထိ ယုံကြည်ချက်ကို ထိန်းသိမ်းထားခဲ့ပါတယ်”လို့ ဆိုပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် အင်တာမီလန်က မေ ၃၁ ရက်၊ မြူးနစ်မြို့မှာ ပီအက်စ်ဂျီ vs အာဆင်နယ်တွဲဆိုင်းမှ အနိုင်ရရှိတဲ့အသင်းနဲ့ ဗိုလ်လုပွဲယှဉ်ပြိုင်ကစားသွားရပါမယ်။