ဖီဖာဥက္ကဋ္ဌသစ် ဖြစ်လာစေမယ့် အစီအစဉ်ကို အာဆင်ဝင်းဂါး ထုတ်ဖော်ပြောကြား
ဖီဖာဥက္ကဋ္ဌရာထူးအတွက် အင်ဖန်တီနိုနဲ့ယှဉ်ပြိုင်ဖို့ အာဆင်နယ်နည်းပြဟောင်း အာဆင်ဝင်းဂါးက အသင့်ဖြစ်နေပြီး အသက် ၇၇ နှစ်အရွယ် ပြင်သစ်လူမျိုးကိုယ်တိုင် လာမယ့်မတ်လရွေးကောက်ပွဲမှာ အကျပ်အတည်းကြုံနေရတဲ့ ဆွစ်လူမျိုးအင်ဖန်တီနိုကို ဖြုတ်ချဖို့ ကြံစည်နေတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။
ဂန်းနားဂန္ထဝင်က "စိတ်နှစ်မြှုပ်မှု၊ ပွင့်လင်းမြင်သာမှု၊ ရိုးသားဖြောင့်မတ်မှုတို့နဲ့အတူ ကျွန်တော်တို့ရဲ့ဘောလုံးအားကစားကို အကျိုးပြုမယ့် လွတ်လပ်တဲ့ ဖီဖာအဖွဲ့အစည်းတစ်ခု ဖြစ်လာမယ်ဆိုတာ ကျွန်တော် အခိုင်အမာယုံကြည်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
ဒါက ၂၀၂၇ ခုနှစ်၊ မတ်လမှာ ကျင်းပမယ့် ဖီဖာဥက္ကဋ္ဌရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ဖို့ စီစဉ်နေတဲ့ အာဆင်ဝင်းဂါးရဲ့ ရွေးကောက်ပွဲ ကတိကဝတ်တစ်ခုလို ဖြစ်နေသလို အင်ဖန်တီနိုကို သွယ်ဝိုက်ပြီး ထိုးနှက်လိုက်တဲ့ စကားတစ်ခွန်းပုံစံလိုလည်း ဖြစ်နေပါတယ်။
ကမ္ဘာတစ်ဝန်းရှိဘောလုံးလောကခေါင်းဆောင်အများအပြားရဲ့ထောက်ခံမှုကို ရရှိထားဆဲပဲလို့ အင်ဖန်တီနိုက အခိုင်အမာပြောဆိုထားပေမဲ့ သူ့ရဲ့လတ်တလောကြိုးပမ်းမှုတွေက နှစ်ပေါင်းများစွာ အကျင့်ပျက်ခြစားမှုတွေအပြီး ဖီဖာရဲ့ဂုဏ်သိက္ခာကို ပြန်လည်ဆယ်ယူလိုသူတွေအတွက် သည်းခံနိုင်စွမ်းကုန်ဆုံးစေခဲ့တဲ့ နောက်ဆုံးအချက် ဖြစ်လာခဲ့ပါတယ်။
ဖီဖာဥက္ကဋ္ဌသက်တမ်းတစ်ခုမှာ လေးနှစ် သတ်မှတ်ထားလို့ အသက် ၇၇ နှစ်အရွယ်ရှိ ဝင်းဂါးအတွက် အနည်းငယ်ရှုပ်ထွေးစေနိုင်ပါတယ်။ ဒါပေမဲ့ အင်ဖန်တီနိုရဲ့လုပ်ရပ်တွေကို ငြီးငွေ့လာနေသလို ဘောလုံးလောကရဲ့သြဇာအကြီးမားဆုံး အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ UEFA ဆီမှ အပြည့်အ၀ထောက်ခံမှုကို ဝင်းဂါး ရရှိထားပါတယ်။
အကယ်၍ ပြင်သစ်လူမျိုးဝင်းဂါးသာ အမှန်တကယ်ဝင်ရောက်ယှဉ်ပြိုင်မယ်ဆိုရင် အင်ဖန်တီနိုနဲ့ ဂျပန်ဘောလုံးအဖွဲ့ချုပ်ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ ကိုဇိုတာရှီးမားတို့အပြင် တော့တင်ဟမ်နောက်ခံလူဟောင်း ရာမွန်ဗီဂါလည်း ဝင်ရောက်ယှဉ်ပြိုင်ဖို့ သတင်းထွက်နေလို့ ဒီဥက္ကဋ္ဌ ရွေးကောက်ပွဲက မြောက်လန်ဒန်ဒါဘီပွဲစဉ်တစ်ခုရဲ့ အငွေ့အသက်မျိုး ပေါ်ပေါက်လာစေနိုင်ပါတယ်။