
ဘရန့်ဖို့ဒ်ကို ဂိုးပြတ်အရေးနိမ့်ခဲ့လို့ စိတ်ပျက်မိကြောင်း ပြောကြားလာတဲ့ အာမိုရင်
စနေနေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဘရန့်ဖို့ဒ်ကို ၃-၁ နဲ့ဂိုးပြတ်အရေးနိမ့်ပြီးနောက် မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က အသင်းရဲ့ညံ့ဖျင်းတဲ့စွမ်းဆောင်ရည်ကြောင့် စိတ်ပျက်မိတယ်လို့ ဝန်ခံပြောကြားလာခဲ့ပါတယ်။
နည်းပြရူဘင်အာမိုရင်ရဲ့လက်အောက်မှာ ရုန်းကန်နေရတဲ့ယူနိုက်တက်ဟာ အဝေးကွင်းနောက်ဆုံး ၈ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးခဲ့တာဖြစ်ပြီး ယခုအခါမှာလည်း ဘရန့်ဖို့ဒ်ကို ဂိုးပြတ်အရေးနိမ့်ခဲ့လို့ အမှတ်ပေးဇယားရဲ့ အဆင့် ၁၄ နေရာအထိ ကျဆင်းသွားခဲ့ပါတယ်။
ယခုပွဲစဉ်မှာ ယူနိုက်တက်ဟာ ဘရန့်ဖို့ဒ်ရဲ့ဦးဆောင်ဂိုးတွေကို စောစောစီးစီးခွင့်ပြုခဲ့ရတာဖြစ်ပြီး အီဂေါ်သီယာဂိုက ၂ ဂိုးစလုံးကို စတင်သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်အတွက် ပထမချေပဂိုးကို တိုက်စစ်မှူး ဘင်ဂျမင်ဆက်စ်ကိုက ပထမပိုင်းအတွင်းမှာပဲ ခက်ခက်ခဲခဲ ပြန်လည်သွင်းယူပေးခဲ့လို့ သရေရလဒ်အတွက်မျှော်လင့်ချက်ရှိခဲ့ပေမယ့် ဒုတိယပိုင်းမှာ အသင်းခေါင်းဆောင်ဘရူနိုဖာနန်ဒက်စ်က ပင်နယ်တီလွဲချော်ခဲ့ပြီးနောက်ထပ်တစ်ဂိုး ထပ်ပေးခဲ့ရတာကြောင့် ဂိုးပြတ်ရှုံးခဲ့တာဖြစ်ပါတယ်။
ပွဲအပြီးမှာတော့ စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ အာမိုရင်က "ကျွန်တော်တို့ အနားယူချိန်တွေအများကြီးရခဲ့ပြီး ဒီပွဲအတွက် အာရုံစိုက်အလုပ်လုပ်ခဲ့ပါတယ်။ တည်ကန်ဘောတွေနဲ့ပတ်သက်ပြီးတော့လည်း သေချာပြင်ဆင်ခဲ့ကြပါတယ်။ သူတို့ဘက်က ဖြတ်တင်ဘောတွေ တည်ကန်ဘောတွေက ဂိုးရဖို့ အခွင့်အရေးတွေဖန်တီးနိုင်တယ်ဆိုတာ ကျွန်တော်တို့သိထားခဲ့ပါတယ်။ ဒါကြောင့် ကြားရက်မှာသေချာလေ့ကျင့်ခဲ့ပေမယ့် အခုလိုရှုံးခဲ့လို့ ကျွန်တော်တို့ ဒီထက်ပိုကောင်းအောင်လုပ်ဖို့လိုနေပါပြီ"
"ရှုံးနိမ့်မှုရဲ့ခံစားချက်ကို ကျွန်တော်တို့ ကောင်းကောင်းသိနေပါပြီ။ အနိုင်ရဖို့ ကြိုးစားချင်ပါတယ်။ ဒီပွဲက ဘရန့်ဖို့ဒ်ရဲ့ပွဲဖြစ်ခဲ့ပါတယ်။ ခက်ခဲတဲ့ရှုံးနိမ့်မှုဖြစ်ပြီး လက်ခံဖို့ ခက်ပေမယ့် ကျွန်တော်တို့ နောက်ပွဲအတွက် အာရုံစိုက်သွားရပါမယ်" လို့ပြောကြားခဲ့ပါတယ်။
ယခုရှုံးပွဲကြောင့် နည်းပြအာမိုရင်အပေါ် ဖိအားတွေပိုမိုမြင့်တက်လာခဲ့သလို ယူနိုက်တက်အနေနဲ့လည်း ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့အဆင့် ၁၄ နေရာအထိကျဆင်းသွားခဲ့ပြီး လာမယ့်ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ တန်းတက်ဆန်းဒါးလန်းကို အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်မှာ ဧည့်ခံကစားသွားရပါမယ်။