The network connection is lost.

Banner Image

ဆက်စ်ကိုဂိုးသွင်းဖို့ ကူညီပေးနိုင်မယ့်ကစားသမားရဲ့အမည်ကို ထုတ်ဖော်ပြောကြားလာတဲ့ ရွန်းနီ

မန်ချက်စတာယူနိုက်တက်ဂန္ထဝင်တိုက်စစ်မှူးဟောင်း ဝိန်းရွန်းနီက အသင်းမှာဂိုးပေါက်ပျောက်ဆုံးနေတဲ့ တိုက်စစ်မှူး ဘင်ဂျမင်ဆက်စ်ကိုကို သွင်းဂိုးတွေပြန်လည်ရရှိအောင်ကူညီပေးနိုင်မယ့်ကစားသမားက အသင်းရဲ့ဂိုးသမားသစ်လေး ဆန်နီလမ်မန်းစ်ဖြစ်တယ်လို့ အံ့အားသင့်ဖွယ်ပြောကြားလာခဲ့ပါတယ်။ 

ဆက်စ်ကိုဟာ ပြီးခဲ့တဲ့နွေရာသီကမှာ လိုက်ပ်ဇစ်မှ အိုးလ်ထရက်ဖို့ဒ်သို့ ပြောင်းရွှေ့ကြေးပေါင် ၇၃.၇ သန်းနဲ့ရောက်ရှိလာခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ် ၁၁ ပွဲကစားပြီးချိန်မှာ ၂ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၁ ကြိမ်သာပြုလုပ်ထားနိုင်ပါသေးတယ်။ ယူနိုက်တက်အနေနဲ့ အသင်းမှာဂိုးသွင်းဖို့ရုန်းကန်နေခဲ့ရတဲ့ ရက်စ်မွတ်စ်ဟွိုက်လန်းရဲ့နေရာမှာ ဆက်စ်ကိုနဲ့ အားဖြည့်ခဲ့တာဖြစ်ပေမယ့် ဆလိုဗေးနီးယားလက်ရွေးစင်ကလည်း ဆက်လက်ရုန်းကန်နေခဲ့ရတာဖြစ်ပါတယ်။ နွေရာသီမှာ ယူနိုက်တက်သို့စတင်ရောက်ရှိလာခဲ့တဲ့ လမ်မန်းစ်ကတော့ ဆန်းဒါးလန်းကို ၂-၀ နဲ့အနိုင်ရခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာ စတင်ပွဲဦးထွက်ကစားနိုင်ခဲ့ပြီး ကောင်းမွန်တဲ့လက်စွမ်းတွေကြောင့် အယ်လ်တေးဘယင်ဒါကိုကျော်တက်ကာ ပွဲထွက်ကစားခွင့်ကို ပိုင်ပိုင်နိုင်နိုင်ဆုပ်ကိုင်ထားနိုင်တာဖြစ်ပါတယ်။

ယခုအခါမှာ ရွန်းနီက လမ်မန်းစ်ဟာ ဆက်စ်ကိုရဲ့အားသာချက်တွေကိုဖော်ထုတ်ပေးနိုင်မယ့် ကစားသမားဖြစ်ကြောင်းနဲ့ လမ်မန်းစ်ရဲ့ထိရောက်တဲ့ပေးပို့မှုတွေက ဆက်စ်ကိုကို တိုက်စစ်မှာ ပိုမိုအလုပ်ဖြစ်စေဖို့ ကူညီနိုင်ကြောင်းပြောကြားလာခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ဆက်စ်ကိုဟာ တော့တင်ဟမ်နဲ့ပွဲစဉ်မှာရရှိခဲ့တဲ့ဒဏ်ရာကြောင့် အနားယူသွားရဖို့ရှိပေမယ့် ရွန်းနီကတော့ စိတ်ရှည်ဖို့နဲ့ အကောင်းဆုံးခြေစွမ်းတွေပြန်လည်ရရှိမယ်လို့ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။

အင်္ဂလန်လက်ရွေးစင်ဟောင်းက "ဆက်စ်ကိုက ဂိုးသွင်းတဲ့အပိုင်းမှာ ခက်ခဲတဲ့အခြေအနေတွေကို ဖြတ်သန်းခဲ့ရပါတယ်။ ဒါပေမယ့် ဆန်နီလမ်မန်းစ်ကသူ့ကိုကူညီပေးနိုင်ပါတယ်။ လမ်မန်းစ်အသင်းမှာ စတင်ကစားခွင့်ရတာနဲ့ ဆက်စ်ကိုရဲ့ခြေစွမ်းကလည်း တိုးတက်လာပါတယ်။ ဘာကြောင့်လဲဆိုတော့ လမ်မန်းစ်က သူ့ဆီကို ဘောလုံးတိုက်ရိုက်ပေးပို့နေလို့ပါ"

"လမ်မန်းစ်ဘောလုံးပေးပို့လိုက်ချိန်မှာ အမ်ဘွေမိုနဲ့ ကွန်ညာတို့က ဆက်စ်ကိုဆီကထွက်လာမယ့်ဘောလုံးကိုစောင့်ပြီး သူ့နောက်မှာပြေးနေကြပါတယ်။ ဒါကြောင့် သူတို့က ဆက်စ်ကိုက သူ့ရဲ့ခန္ဓာကိုယ်ကိုအသုံးချပြီး ပြိုင်ဘက်နဲ့ခေါင်းယှဉ်တိုက်ပြီးဘောလုံးကို သူတို့ဆီရောက်အောက်ပို့နိုင်မယ်ဆိုတာ သိကြပါတယ်။ ဆက်စ်ကိုက ဘောလုံးကိုယှဉ်လုတဲ့နေရာမှာ တော်ပေမယ့် ဂိုးဧရိယာထဲဝင်ပြီး သူ့အတွက်ရလာမယ့်အခွင့်အရေးတွေကိုအသုံးချနိုင်ဖို့တော့ လိုအပ်နေပါသေးတယ်" လို့ပြောကြားခဲ့ပါတယ်။ 

ဆက်စ်ကိုဟာ ဒဏ်ရာပြဿနာကြောင့် ဆလိုဗေးနီးယားလက်ရွေးစင်အသင်းမှနုတ်ထွက်ထားပေမယ့် ယခုလနှောင်းပိုင်း အဲဗာတန်နဲ့ယှဉ်ပြိုင်သွားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ အချိန်မီပြန်လည်ပါဝင်ကစားနိုင်ဖို့အတွက် ကြံ့ခိုင်မှုတည်ဆောက်နေပါတယ်။