
အပြောင်းအရွှေ့နဲ့ပတ်သက်လို့ လီဗာပူးအသင်းဆီ ပြင်းထန်တဲ့သတင်းစကားတစ်ခု ပေးပို့လိုက်တဲ့ ဗန်ဒိုက်
အခုနွေရာသီကာလအတွင်း အသုံးစရိတ်ပိုင်းကြီးကြီးမားမားရှိထားပေမယ့် တိုက်စစ်ပိုင်းဧရိယာတွေမှာ နောက်ထပ်အင်အားဖြည့်တင်းမှုတွေပြုလုပ်ဖို့ လီဗာပူးအသင်းဆီ ဗန်ဒိုက်က တောင်းဆိုခဲ့ပါတယ်။ ကြိုးကြာနီတွေက သူတို့ရဲ့တိုက်စစ်ပိုင်းကို အင်အားမြှင့်တင်ဖို့ ဖလော်ရီယန်ဝစ်ဇ်နဲ့ ဟူဂိုအီကီတီကီတို့အပြင် တောင်ပံနေရာတွေအတွက်လည်း ဖရင်းပေါင်နဲ့ ကာကက်ဇ်တို့ကို ပေါင် ၂၆၅ သန်းနီးပါး အသုံးပြုကာ ခေါ်ယူထားခဲ့ပါတယ်။ ခရစ္စတယ်ပဲလေ့စ်ကို ပယ်နယ်တီအဆုံးအဖြတ်နဲ့ရှုံးနိမ့်ခဲ့တဲ့ ကွန်မြူနတီဒိုင်းပွဲစဉ်အတွင်း ကစားသမားသစ်တွေဖြစ်တဲ့ အီကီတီကီနဲ့ ဖရင်းပေါင်တို့က သွင်းဂိုးကိုယ်စီရယူကာ သူတို့ရဲ့အကျိုးသက်ရောက်မှု ကို သက်သေပြခဲ့ပါတယ်။ ဒါပေမဲ့ ဗန်ဒိုက်ကတော့ ဒါဝင်နူနက်ဇ်ထွက်ခွာသွားပြီးနောက် အင်အားဖြည့်တင်းမှုတွေ ဆက်လက်ရှိနေဖို့ လိုလားနေပါတယ်။
talkSPORT နဲ့တွေ့ဆုံချိန် လီဗာပူးကပ္ပတိန်က “ ကောင်းပြီ၊ ကျွန်တော်တို့တွေ ဒါဝင်နူနက်ဇ်ကို ဆုံးရှုံးလိုက်ရပါပြီ။ သူက ဆော်ဒီဆီ ထွက်ခွာသွားပါပြီ။ လူးဝစ်ဒီယက်ဇ်ကိုလည်း ဘိုင်ယန်မြူးနစ်ဆီ ဆုံးရှုံးထားရပါတယ်။ ကျွန်တော်တို့အသင်း အင်အားတောင့်တင်းနေစေဖို့အတွက် တိုက်စစ်မှူးတစ်ဦးတော့ မဖြစ်မနေလိုအပ်နေပြီလို့ ထင်ပါတယ်။ ဒါကြောင့် အသင်းလိုက်ဟန်ချက်မျှတညီညွှတ်နေစေဖို့ အပြောင်းအရွှေ့ဈေးကွက်က ဘာတွေယူဆောင်ပေးလာမလဲဆိုတာ စောင့်ကြည့်သွားကြမယ်”လို့ ပြောပါတယ်။
လတ်တလော လီဗာပူးက နယူးကာဆယ်တိုက်စစ်မှူးအီဆက်ခ်ကို ခေါ်ယူသွားဖို့ စိတ်အားထက်သန်နေပါတယ်။ ကြိုးကြာနီတွေရဲ့ကစားသမားအတွက် ကနဦးကမ်းလှမ်းမှုတစ်ခုကို ငှက်ကျားတွေ ပယ်ချခဲ့ပေမယ့် ဆွီဒင်တိုက်စစ်မှူးအတွက် နောက်ထပ်ကမ်းလှမ်းမှု ကို ပရီးမီးယားလိဂ်ချန်ပီယံတွေ ပြုလုပ်သွားမယ်လို့ မျှော်လင့်ရပါတယ်။ အီဆက်ခ်ကိုယ်တိုင်လည်း လီဗာပူးဆီ ပြောင်းရွှေ့ဖို့လိုလားနေပေမယ့် အန်းစလော့ရဲ့အသင်းက နယူးကာဆယ်ဆီ အဓိကတိုက်စစ်မှူးကို ရောင်းချပေးဖို့ စည်းရုံးနိုင်မလားဆိုတာ စောင့်ကြည့်သွားရပါလိမ့်မယ်။
အီဆက်ခ်အတွက် နောက်ထပ်ကမ်းလှမ်းမှုတစ်ခု ရှိလာမှာ သေချာသလောက်ဖြစ်ပေမယ့် အပြောင်းအရွှေ့အဆုံးသတ်နိုင်ဖို့တော့ နီးစပ်နေပြီလို့ မယူဆနိုင်ပါဘူး။ အီဆက်ခ်နေရာအစားထိုးနိုင်မယ့် တိုက်စစ်ပိုင်းရွေးချယ်စရာအားလုံးကို လက်လွှတ်လိုက်ရမှုနဲ့အတူ ငှက်ကျားတွေနဲ့ လီဗာပူးတို့အကြား အပြောင်းအရွှေ့သဘောတူညီမှုတစ်ခုရရှိဖို့ အတော်လေးခဲယဉ်းနေပါသေးတယ်။