
အသင်းမှထွက်ခွာခွင့်ပေးဖို့ စပို့တင်းဥက္ကဌကို အတင်းအကြပ်တွန်းအားပေးလာတဲ့ ဂျိုကာရက်စ်
စပို့တင်းလစ္စဘွန်းတိုက်စစ်မှူး ဗစ်တာဂျိုကာရက်စ်ဟာ အသင်းမှထွက်ခွာပြီး ပရီးမီးယားလိဂ်ထိပ်သီးကလပ် အာဆင်နယ်သို့ပြောင်းရွှေ့လိုနေတာကြောင့် ယခုအခါမှာတော့ ကလပ်ဥက္ကဌအပါအဝင် အားကစားဒါရိုက်တာတွေကို အတင်းအကြပ်တောင်းဆိုလာခဲ့တယ်လို့သိရပါတယ်။
ဆွီဒင်လက်ရွေးစင်ဟာ စပို့တင်းမှာနေထိုင်ခဲ့တဲ့ ၂ ရာသီအတွင်း စုစုပေါင်း ၁၀၂ ပွဲအထိကစားခဲ့ပြီး ၉၇ ဂိုးအထိသွင်းယူနိုင်ခဲ့တာကြောင့် ဥရောပထိပ်သီးကလပ်တွေရဲ့ ပစ်မှတ်ကစားသမားဖြစ်လာခဲ့ပါတယ်။ ဂျိုကာရက်စ်အနေနဲ့ ကစားသမားဘဝတိုးတက်ရေးအတွက် စပို့တင်းမှထွက်ခွာကာ ပရီးမီးယားလိဂ်လို အဆင့်အတန်းမြင့်ဘောလုံးလောကမှာ သွားရောက်ကစားလိုနေတာဖြစ်ပါတယ်။
ဂျိုကာရက်စ်ရဲ့အေးဂျင့်ဖြစ်သူက စာချုပ်ဖျက်သိမ်းကြေး ပေါင် ၈၄ သန်းထက် လျော့နည်းတဲ့ဈေးနှုန်းနဲ့ ကစားသမားကိုဝယ်ယူနိုင်ကြောင်း ပြောကြားထားတာကြောင့် အာဆင်နယ်က ခေါ်ယူဖို့စိတ်ဝင်စားနေပေမယ့် အသင်းဘက်က ကစားသမားကို သတ်မှတ်ထားတဲ့ဈေးနှုန်းနဲ့သာရောင်းချမယ်လို့ကြေညာထားပါတယ်။
ဒါကြောင့် စပို့တင်းမှထွက်ခွာလိုနေတဲ့ဂျိုကာရက်စ်က အသင်းဥက္ကဌ ဖရက်ဒရစ်ကိုဗာရန်ဒက်စ်ကို အပြောင်းအရွှေ့ဖြစ်ပေါ်လာခြင်းမရှိပါက သူ့အနေနဲ့ နောက်အပတ်မှာစတင်သွားမယ့် လေ့ကျင့်ရေးအစီအစဉ်ကို လာရောက်မှာမဟုတ်ကြောင်း ဖုန်းဆက်ပြီးအကြောင်းကြားထားတယ်လို့ သတင်းတွေထွက်ပေါ်လာပါတယ်။
အသက်-၂၇ နှစ်အရွယ်ကစားသမားက အာဆင်နယ်သို့သာပြောင်းရွှေ့ခွင့်မရပါက ကလပ်ဒါရိုက်တာတွေကိုလည်း ဘယ်တော့မှခွင့်လွှတ်မှာမဟုတ်ဘူးလို့ သတင်းတွေကဆိုထားတာဖြစ်ပါတယ်။ စပို့တင်းအနေနဲ့ ဂျိုကာရက်စ်အတွက်ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၆၀+အပိုဆုကြေးတွေနဲ့ သတ်မှတ်ထားပေမယ့် အာဆင်နယ်ကတော့ ပေါင် ၄၃ သန်း+အပိုဆုကြေး ၈ သန်းနဲ့သာခေါ်ယူဖို့ကမ်းလှမ်းထားတာလည်းဖြစ်ပါတယ်။