
သူ့ရဲ့ပြောင်းရွှေ့ကြေးကို မြှင့်တင်ခဲ့လို့ စပို့တင်းကိုမကျေမနပ်ဖြစ်နေတဲ့ ဂျိုကာရက်စ်
ယခုနွေရာသီအပြောင်းအရွှေ့ကာလအတွင်း စပို့တင်းလစ္စဘွန်းမှထွက်ခွာဖို့ ဆန္ဒရှိနေတဲ့ တိုက်စစ်မှူး ဗစ်တာဂျိုကာရက်စ်ဟာ ယခုအခါမှာတော့ အာဆင်နယ်နဲ့ချိတ်ဆက်ဖို့နီးစပ်ခဲ့ပေမယ့် အသင်းဘက်က ပြောင်းရွှေ့ကြေးကို မြှင့်တင်ခဲ့တာကြောင့် မကျေမနပ်ဖြစ်နေတယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂ ရာသီအတွင်း ပေါ်တူဂီလိဂ်မှာ ထိပ်တန်းဂိုးသွင်းနှုန်းကိုပြသထားနိုင်တဲ့ ဆွီဒင်လက်ရွေးစင်ကို ဥရောပထိပ်သီးကလပ်တွေက ပစ်မှတ်ထားစောင့်ကြည့်နေကြပြီး သတင်းတွေအရ ကစားသမားဟာ ပရီးမီးယားလိဂ်သို့ပြောင်းရွှေ့နိုင်ချေရှိတယ်လို့ ယူဆထားကြပါတယ်။
ဂျိုကာရက်စ်ကို နည်းပြဟောင်းရူဘင်အာမိုရင်ကိုင်တွယ်နေတဲ့ မန်ချက်စတာယူနိုက်တက်ကလည်း ချိတ်ဆက်မှုတွေပြုလုပ်နေပေမယ့် ကစားသမားဟာ အာဆင်နယ်သို့ပြောင်းရွှေ့ဖို့သာ ပိုမိုအလိုရှိနေတာဖြစ်ပါတယ်။ သို့သော်လည်း ယခုအခါမှာ အာဆင်နယ်ရဲ့ချိတ်ဆက်မှုကို စပို့တင်းဘက်က ဟန့်တားထားခဲ့တယ်လို့သိရပါတယ်။
ဂျိုကာရက်စ်ဟာ ယခုနွေရာသီမှာ အသင်းမှထွက်ခွာမယ်လို့ စပို့တင်းနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီချက်တွေယူထားခဲ့ပြီး ပြောင်းရွှေ့ကြေးကိုတော့ ပေါင်သန်း ၆၀ သတ်မှတ်ထားခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း စပို့တင်းဘက်က ကစားသမားရဲ့ပြောင်းရွှေ့ကြေးကို ပေါင် ၈၄ သန်းအထိတိုးမြှင့်ထားခဲ့တာကြောင့် အပြောင်းအရွှေ့ဖြစ်ပေါ်လာဖို့ ခက်ခဲလာခဲ့ပါတယ်။
အခုလို စပို့တင်းရဲ့ဈေးနှုန်းမြှင့်တင်မှုကို ဂျိုကာရက်စ်အနေနဲ့ သဘောကျခြင်းမရှိကြောင်း ပေါ်တီဂူသတင်းတွေက ဖော်ပြလာခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်သတ္တပတ်မှာ စပို့တင်းဥက္ကဌ ဖရက်ဒရစ်ကိုဗာရန်ဒက်စ်က အသင်းအနေနဲ့ ဂျိုကာရက်စ်ကို ပေါင်သန်း ၆၀ လောက်နဲ့ရောင်းချဖို့ ကတိပေးထားခြင်းမရှိကြောင်းအခိုင်အမာပြောကြားခဲ့ပါတယ်။
ဗာရက်ဒက်စ်က "ကျွန်တော်အာမခံနိုင်တာတစ်ခုကတော့ ဗစ်တာဂျိုကာရက်စ်ကို ပေါင်သန်း ၆၀ နဲ့တော့ အသင်းကနေထွက်ခွာခွင့်ပြုမှာမဟုတ်ပါဘူး။ ဒီလောက်ပမာဏနဲ့ထွက်ခွာနိုင်တယ်လို့လည်း သူ့ကိုကျွန်တော်ကတိပေးမထားပါဘူး။ သူ့ရဲ့အေးဂျင့်ကပဲ ဒီလိုကတိမျိုးပေးခဲ့တာပါ" လို့ပြောကြားခဲ့ပါတယ်။
အာဆင်နယ်ဟာ အသင်းရဲ့တိုက်စစ်ပိုင်းကိုအင်အားမြှင့်တင်ဖို့ စိတ်အားထက်သန်နေတာကြောင့် ဂျိုကာရက်စ်ကိုမခေါ်နိုင်ပါက အခြားဗဟိုတိုက်စစ်မှူးတွေကို ပစ်မှတ်ထားလာနိုင်ပါတယ်။ သတင်းတွေအရ အာတီတာဟာ လိုက်ပ်ဇစ်တိုက်စစ်မှူး ဘင်ဂျမင်ဆက်စ်ခို၊ နယူးကာဆယ်မှ အလက်ဇန်းဒါးအီဆက်၊ အက်သလက်တီကိုတိုက်စစ်မှူး ဂျူလီယန်အယ်လ်ဗာရက်ဇ်နဲ့ အက်စတွန်ဗီလာတိုက်စစ်မှူး အိုလီဝက်ကင်းစ်တို့ကို ပစ်မှတ်ထားနေတယ်လို့သိရပါတယ်။