
အာဆင်နယ်စတားကို ယူနိုက်တက်စတားနဲ့ ခိုင်းနှိုင်းလိုက်တဲ့ ဖရန့်လီဘိုး
မာဆေးလ်အသင်းစတားဟောင်း ဖရန့်လီဘိုးက အာဆင်နယ်စတား ယိုကရက်စ်ရဲ့ပွဲဦးထွက်ခြေစွမ်းကို စိုးရိမ်နေပါတယ်။ ဆွီဒင်သားဟာ အခုနွေရာသီအစောပိုင်းတုန်းက အာဆင်နယ်ထံပေါင် ၆၄ သန်းနဲ့ စပို့တင်းထံကနေ ပြောင်းရွှေ့လာခဲ့ကာ ယူနိုက်တက်ကို ၁-၀ နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ပွဲဦးထွက်ပါဝင်ကစားခဲ့ပါတယ်။အဆိုပါပွဲမှာ ယိုကရက်စ်တစ်ယောက် ဘောလုံးထိချက် ၂၁ ချက်သာ ရရှိခဲ့ပြီး ဒုတိယပိုင်းမှာ ကိုင်ဟာဗက်ဇ်နဲ့ လူစားလဲခံခဲ့ရပါတယ်။
သူ့ရဲ့လူစားလဲခံရချိန်မှာ ယူနိုက်တက်ပရိသတ်တွေထံကနေ ကြောက်မက်ဖွယ်နှုတ်ဆက်မှုကို ရရှိခဲ့ပါတယ်။ ယိုကရက်စ်ရဲ့အခြေအနေကို သုံးသပ်ဖို့စောနေသေးပေမယ့် လီဘိုးကတော့ ပွဲဦးထွက်စွမ်းဆောင်ရည်ကို စိုးရိမ်နေပါတယ်။ ကမ္ဘာ့ဖလားပိုင်ရှင်ဟောင်းကတော့ ယိုကရက်စ်ရဲ့အခြေအနေကို ယူနိုက်တက်မှာ ခြေစွမ်းမပြနိုင်ခဲ့တဲ့ ဟွိုက်လန်းနဲ့ ခိုင်းနှိုင်းလိုက်ပါတယ်။
ဟွိုက်လန်းဟာ အာဆင်နယ်နဲ့ပွဲလူစာရင်းမှာ မပါဝင်ခဲ့တာဖြစ်ပြီး အပြောင်းအရွှေ့မပိတ်ခင် အသင်းဘက်က ရောင်းထုတ်နိုင်ဖို့ မျှော်လင့်နေပါတယ်။ ယူနိုက်တက်ဟာ ဟွိုက်လန်းကို ၂၀၂၃ တုန်းက အတ္တလန္တာထံကနေ ပေါင် ၇၂ သန်းနဲ့ခေါ်ယူခဲ့ပေမယ့် ပြီးခဲ့တဲ့ရာသီတုန်းက လိဂ်ဂိုး ၄ ဂိုးသာသွင်းယူနိုင်ခဲ့ပါတယ်။
အခုချိန်မှာတော့ ဟွိုက်လန်းတစ်ယောက် အေစီမီလန်ကိုပြောင်းဖို့ ဆွေးနွေးနေပါတယ်။ “ယိုကရက်စ်ရဲ့အခြေအနေကို ကျွန်တော်စိုးရိမ်မိပါတယ်။ အခြားအသင်းတွေက သူ့လိုကစားသမားမျိုးကို ဘာကြောင့်မခေါ်ယူတာလဲ။ သူပိုကောင်းလာပြီး ဂိုးတွေရယူနိုင်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။ ဟွိုက်လန်းအခြေအနေနဲ့တောင် ဆင်တူပါတယ်။ ယိုကရက်စ်ရဲ့ဒီနေ့စွမ်းဆောင်ရည်ကို ကျွန်တော်မြင်ရတာတော့ ဟွိုက်လန်းနဲ့ဆင်တူနေပါတယ်”လို့ လီဘိုးက ပြောကြားလိုက်ပါတယ်။
အာဆင်နယ်နည်းပြ အာတီတာ ယိုကရက်စ်ရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး ကာကွယ်ပြောကြားလိုက်ပါတယ်။ “သူ(ယိုကရက်စ်)က အရမ်းကောင်းတဲ့အရာတွေကိုလုပ်ပြထားနိုင်ပါတယ်။ high pressing တွေမှာ မြင်နိုင်ပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ပထမပိုင်းမှာ အချိန်အများကြီးပေးခဲ့ပါတယ်။ အဲ့တာနဲ့ပတ်သက်ပြီးလည်း အလုပ်လုပ်ရပါဦးမယ်။ အထူးသဖြင့် အဆုံးသတ်အခြေအနေတွေမှာပါ။ သူ့အနေနဲ့ အခွင့်အရေးအများကြီးမရခဲ့ပါဘူး။
ဒါပေမယ့် အားလုံးခြုံကြည့်ရင် ယူနိုက်တက်လိုအသင်းမျိုးကို အဝေးကွင်းလာကန်ပြီး ပထမဆုံးပွဲမှာ အနိုင်ယူနိုင်ခဲ့ပါတယ်။ အဲ့တာက ကောင်းမွန်တဲ့စတင်မှုပါ။ ကျွန်တော်တို့အခုလိုမျိုးအဝေးကွင်းမှာ အနိုင်ကန်နိုင်တာက ကောင်းမွန်တဲ့အရာပါ။ အသင်းရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး ကျွန်တော်အရမ်းပျော်ပါတယ်”လို့ အာတီတာက ပြောကြားလိုက်ပါတယ်။ ယိုကရက်စ်အနေနဲ့ လာမယ့်လိဒ်ယူနိုက်တက်နဲ့ပွဲမှာ ပိုကောင်းလာမယ်လို့ မျှော်လင့်နေပါတယ်။