
အသင်းစတားအနာဂတ်ကို ထုတ်ဖော်ပြောကြားလာတဲ့ နည်းပြ ဟာဇယ်လာ
ဘရိုက်တန်နည်းပြ ဟာဇယ်လာက ကွင်းလယ်လူ ဘာလီဘာတစ်ယောက် အသင်းမှာပဲဆက်ရှိနေမယ်လို့ အလွန်အမင်းယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။ ဘာလီဘာကို ယူနိုက်တက်အသင်းက အသည်းအသန်ချိတ်ဆက်နေပြီး ကစားသမားအလိုက် + ငွေသားတစ်ရပ်နဲ့ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံထားရပါတယ်။ ဘရိုက်တန်အသင်းဘက်က ဘာလီဘာအတွက် ပေါင်သန်း ၁၀၀ တန်ကြေးသတ်မှတ်ထားပြီး အဆိုပါတန်ကြေးက ယူနိုက်တက်အတွက် အခက်အခဲဖြစ်နေပါတယ်။
အာမိုရင်က ကွင်းလယ်ပိုင်းကို အပြောင်းအရွှေ့မပိတ်ခင်မှာ အားဖြည့်ချင်နေပြီး ကစားသမားတွေအရင်ရောင်းထုတ်ဖို့ လိုအပ်နေပါတယ်။ ကော်လီယာကို ဝက်စ်ဘရွန်းအသင်းထံ အငှားတစ်ရာသီစေလွှတ်ခဲ့ပြီးနောက် ယူနိုက်တက်ကွင်းလယ်မှာ ရွေးချယ်စရာနည်းပါးလာခဲ့တာဖြစ်ပါတယ်။ လက်ရှိယူနိုက်တက်ကွင်းလယ်မှာ အူဂါတီ ၊ ကိုဘီမီနူး ၊ ကက်စ်မဲရိုးတို့ရှိနေပေမယ့်လည်း အာမိုရင် ဘာလီဘာကို အလိုရှိနေဆဲဖြစ်ပါတယ်။ သောကြာနေ့မနက်ခင်းက သတင်းစာရှင်းပွဲမှာ ဘရိုက်တန်နည်းပြ ဟာဇယ်လာက ဘာလီဘာအပြောင်းအရွှေ့အတွက် စိတ်မပူကြောင်း ပြောကြားလိုက်ပါတယ်။
“ဘာလီဘာတစ်ယောက် အသင်းမှာဆက်ရှိနေမယ်လို့ ကျွန်တော်အပြည့်အဝယုံကြည့်ပါတယ်။ ဘာမှမပြောင်းလဲပါဘူး။ သူက နေရာကောင်းမှာရှိနေသလို အသင်းဖော်တွေနဲ့ အဆင်ပြေနေပါတယ်”လို့ ဟာဇယ်လာက ပြောကြားခဲ့ပါတယ်။ ဘာလီဘာဟာ ဒူးဒဏ်ရာကြောင့် ပြီးခဲ့တဲ့ရာသီကြို ၄ ပွဲစလုံးကို လွဲချော်ခဲ့တာဖြစ်ပြီး ဟာဇယ်လာက လာမယ့် ဖူလ်ဟမ်နဲ့ပွဲမှာ ဘာလီဘာပါဝင်လာမယ်လို့ ပြောကြားလိုက်ပါတယ်။မန်ချက်စတာညနေခင်းသတင်းဌာနတုန်းက ယူနိုက်တက်ဟာ အခုတစ်ကြိမ်ကြိုးပမ်းနေပေမယ့် လာမယ့် ၂၀၂၆ ထဲမှာလည်း ထပ်မံကြိုးပမ်းနိုင်တယ်လို့ ဖော်ပြခဲ့ပါတယ်။
ဘရိုက်တန်အနေနဲ့ ဘာလီဘာကို ဆက်ထိန်းချင်တယ်ဆိုရင် ကမ်းလှမ်းမှုအသစ်လုပ်ရဖွယ်ရှိနေပါတယ်။ ယူနိုက်တက်တာဝန်ရှိသူတွေကတော့ တကယ်လို့အဆင်မပြေခဲ့ရင် စပို့တင်းစတား ဟာဂျယ်မန်းကို အစားထိုးခေါ်ယူဖွယ်ရှိနေပါတယ်။