The network connection is lost.

Banner Image

နယ်သာလန်အသင်းက မိမိကိုယ်ကို ပိုတွက်ဆထားတာမျိုး ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ဆိုလိုက်တဲ့ ဗန်ဒိုက်

အခုကျင်းပနေဆဲ ယူရို-၂၀၂၄ ပြိုင်ပွဲကြီးမှာ နယ်သာလန်လက်ရွေးစင်အသင်းအနေဖြင့် မိမိကိုယ်ကို အရှိတရားထက်ပိုပြီး လွန်လွန်ကဲကဲရှုမြင်ထားတာမျိုး ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ အသင်းခေါင်းဆောင်ဗန်ဒိုက်က သုံးသပ်လိုက်ပါတယ်။ ပြီးခဲ့တဲ့အင်္ဂါနေ့၊ ဩစတြီးယားအသင်းကို အရေးနိမ့်ပြီးနောက် ဒတ်ချ်တွေက နောက်ဆုံး ၁၆ သင်းရှုံးထွက်အဆင့်ဆီ အကောင်းဆုံးအုပ်စုတတိယနေရာဖြင့်သာ တက်လှမ်းလာနိုင်ခဲ့ပါတယ်။

ဗန်ဒိုက်က " ဝေဖန်နေမှုတွေအပေါ် ကျွန်တော် အပြည့်အဝနားလည်ပေးနိုင်ပါတယ်။ ခြုံငုံသုံးသပ်ကြည့်လိုက်မယ်ဆိုရင် အရာအားလုံး ပိုကောင်းလာနိုင်သလို ပိုလည်းကောင်းလာသင့်ပါတယ်။ ကျွန်တော်တို့တွေ ကိုယ့်ကိုကိုယ် ပိုတွက်ထားတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်"လို့ ပြောပါတယ်။

ရော်နယ်ကိုးမန်းရဲ့အသင်းက အုပ်စု(D)မှာ အထင်ကြီးလောက်စရာ  စွမ်းဆောင်ပြခဲ့တဲ့ ဩစတြီးယား၊ ကာတာကမ္ဘာ့ဖလားဒုတိယဆုရှင် ပြင်သစ်တို့ရဲ့နောက် တတိယနေရာမှာ ရပ်တည်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၃၆ နှစ်တာကာလတုန်းက ဥရောပချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ဖူးတဲ့ နယ်သာလန်အသင်းအနေဖြင့် အခုဂျာမန်မြေမှာ ဒီလိုအောင်မြင်မှုမျိုး ပြန်လည်ဖန်တီးနိုင်ဖို့ဆိုရင် ပိုကောင်းတဲ့စွမ်းဆောင်ရည်မျိုးပြသသွားနိုင်ဖို့ လိုအပ်နေပါတယ်။

ဗန်ဒိုက်က "ဩစတြီးယားကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီး ပြောစရာတွေ အများကြီးရှိလာခဲ့သလို ခွဲခြမ်းစိတ်ဖြာသုံးသပ်မှုတွေ လုပ်ဆောင်သွားဖို့လည်း လိုအပ်ခဲ့ပါတယ်။ ဒီလိုအမှားအယွင်းတွေက အသင်းရဲ့နည်းဗျူဟာပိုင်းကြောင့် မဟုတ်ပါဘူး။ အဓိကအားဖြင့် အသင်းရဲ့နိုင်လိုစိတ်ကြောင့် ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ စကားလုံးကြမ်းကြမ်းတွေပါသုံးပြီး ကျွန်တော်တို့ဆွေးနွေးခဲ့ပါတယ်"လို့ ဆက်ပြောပါတယ်။

ဗန်ဒိုက်ကိုယ်တိုင်လည်း နယ်သာလန်ပြည်တွင်းရုပ်သံလိုင်း NOS မှတဆင့် လက်ရွေးစင်ဟောင်း ဗန်ဒါဗတ်ရဲ့ ဝေဖန်မှုကို အကြီးအကျယ်ခံခဲ့ရပါတယ်။ ဗန်ဒါဗတ်က သူ့ကို ဩစတြီးယားနဲ့ပွဲစဉ်အတွင်း လက်မခံနိုင်စရာစွမ်းဆောင်ရည်ပိုင်း ဆိုးရွားမှုတွေအတွက် စိတ်အားထက်သန်မှု ကင်းမဲ့နေသူအဖြစ် စွပ်စွဲပြောဆိုခဲ့ပါတယ်။

ဩစတြီးယားရဲ့ တတိယမြောက်သွင်းဂိုးမှာ အမှားအယွင်းကြီးတစ်ခုကို ကျူးလွန်မိခဲ့တဲ့ အသက်-၃၂ နှစ်အရွယ် လီဗာပူးကပ္ပတိန်ကလည်း ပိုမိုမြင့်မားတဲ့စံနှုန်းတစ်ခုနဲ့ ခံစစ်ကို ကာကွယ်သွားနိုင်ဖို့ လိုအပ်တယ်ဆိုတာ သိထားပါတယ်လို့ သောကြာနေ့၊ သတင်းမီဒီယာတွေ့ဆုံမှုမှာ ပြောဆိုလိုက်ပါတယ်။

ဗန်ဒိုက်က " ကျွန်တော် အရူးမဟုတ်ပါဘူး။ ကျွန်တော် အခုထက် ပိုကောင်းအောင် လုပ်နိုင်သလို လုပ်လည်းလုပ်သင့်တယ်ဆိုတာ သိပါတယ်။ ဒါကြောင့် ကျွန်တော် အလုပ်တွေ ကြိုးစားနေပါတယ်"လို့ ပြောပါတယ်။

နယ်သာလန်အသင်းက ကွာတားဖိုင်နယ်တစ်နေရာစာ သေချာစေဖို့အတွက် လာမယ့်အင်္ဂါနေ့မှာ ရိုမေးနီးယားနဲ့ ယှဉ်ပြိုင်ကစားသွားရပါမယ်။