The network connection is lost.

Banner Image

ကိုပါအမေရိကမှာ အသင်းရဲ့အရည်အသွေးကိုပြသသွားမယ်လို့ဆိုလာတဲ့ ဥရုဂွေးနည်းပြ

ဥရုဂွေးလက်ရွေးစင်နည်းပြ မာဆယ်လိုဘီရယ်လ်ဆာက တနင်္ဂနွေနေ့မှာကစားမယ့် ပနားမားနဲ့ပွဲစဉ်မတိုင်ခင်မှာ ကိုပါအမေရိကပြိုင်ပွဲဟာ သူ့အသင်းရဲ့ကစားပုံအဆင့်အတန်းနဲ့ အရည်သွေးကိုသက်သေပြဖို့ အကောင်းဆုံးပြိုင်ပွဲဖြစ်တယ်လို့ အခိုင်အမာပြောကြားလာခဲ့ပါတယ်။

ဒီယေဂိုအလွန်ဆိုထွက်ခွာသွားပြီးနောက် ပြီးခဲ့တဲ့နှစ်မှာပဲ ဥရုဂွေးကိုစတင်ကိုင်တွယ်ခဲ့တဲ့ ဘီရယ်လ်ဆာဟာ မကြာသေးမီကကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ အာဂျင်တီးနားနဲ့ ဘရာဇီးတို့ကို အနိုင်ယူထားသလို ယခုလအစောပိုင်းက ကစားခဲ့တဲ့ ခြေစမ်းပွဲစဉ်မှာလည်း မက္ကဆီကိုကို အနိုင်ရထားတာကြောင့် အသင်းကိုတိုးတက်အောင်ပြုလုပ်ထားနိုင်ကြောင်း သက်သေပြထားပါတယ်။ 

စနေ့နေ့ကပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာ အာဂျင်တီးနားသားက "ဒါကအသင်းရဲ့ အပိုင်းကဏ္ဍသစ်တစ်ခုဖြစ်ပြီး ကျွန်တော်တို့ ဘယ်အဆင့်အတန်းမှာရှိနေတယ်ဆိုတာကို ပြသသွားပါမယ်။ ကိုပါအမေရိကပြိုင်ပွဲဟာ အသင်းအတွက် သက်သေပြဖို့ အခွင့်အရေးတစ်ခုဖြစ်ပြီး ကစားသမားတွေအနေနဲ့လည်း ဥရုဂွေးနဲ့ ထိုက်တန်တယ်ဆိုတာ ပြသသွားရပါမယ်။ ကျွန်တော်တို့အသင်းမှာ အတွေ့အကြုံရင့်ကျက်တဲ့ကစားသမားတွေကို လူငယ်ခြေတက်ကစားသမားတွေနဲ့ လိုက်လျောညီထွေ ‌တွဲဖက်ပေးထားနိုင်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

ဆက်လက်ပြီး ဘီရယ်လ်ဆာက ဥရုဂွေး အသင်းအတွက် ၁၃၈ ပွဲကစားကာ ၆၈ ဂိုးအထိသွင်းယူပြီး အသင်းသမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးကစားသမားဆိုတဲ့စံချိန်ကို ရယူထားတဲ့ လူးဝစ်ဆွာရက်ဇ်ကိုရွေးချယ်ဖြစ်ခဲ့ပုံကိုလည်း "ဒါက ဥရုဂွေးထိပ်တန်းကစားသမားတစ်‌‌ယောက်ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်တစ်ခုပါ။ ဒီလိုအခြေအနေမျိုးမှာ သူ့ကိုလေးစားသင့်ပါတယ်။ အသင်းအတွက်ပေးဆပ်ချင်တဲ့ သူ့ရဲ့စိတ်‌ဓာတ်ကလည်း ချီးကျူးစရာပါပဲ" လို့ပြောကြားခဲ့ပါတယ်။ပနားမားနဲ့ကစားပြီးနောက်မှာ‌တော့ ဥရုဂွေးဟာ အမေရိကန်၊ ဘိုလီဗီးယားတို့နဲ့ ဆက်လက်ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။