
ဘုန်းမောက်ဘယ်နောက်ခံလူ ကာကက်ဇ်ကို ပစ်မှတ်ထားနေတဲ့ ယူနိုက်တက်
မန်ချက်စတာယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ရာသီမှာ လုခ်ရှောနဲ့ တိုင်ရဲလ်မာလာစီယာတို့ရဲ့ ဒဏ်ရာပြဿနာတွေကြောင့် အသင်းရဲ့ဘယ်နောက်ခံနေရာမှာ အားနည်းနေခဲ့ပြီး ယခုအခါမှာတော့ ဘုန်းမောက်ဘယ်နောက်ခံလူ မိုင်လော့စ်ကာကက်ဇ်ကို ပစ်မှတ်ထားစောင့်ကြည့်နေတယ်လို့ သိရပါတယ်။ ဒီရာသီမှာ လုခ်ရှောဟာ ကြွက်သားဒဏ်ရာပြဿနာကြောင့် စုစုပေါင်း ပြိုင်ပွဲစုံ ၁၅ ပွဲသာ ပါဝင်ကစားခွင့်ရခဲ့ပြီး မာလာစီယာကတော့ ၂၀၂၃ မေလကတည်းက ယူနိုက်တက်အတွက် ပါဝင်ကစားနိုင်ခဲ့ခြင်းမရှိပါဘူး။
ဘယ်နောက်ခံကစားသမားစစ်စစ်တွေရဲ့ပျက်ကွက်မှုကြောင့် ဒီယေဂိုဒါလော့၊ ဝမ်ဘစ်ဆာကာ၊ ဗစ်တာလင်ဒီလော့ဖ်နဲ့ ဆိုဖီယန်အမ်မရာဘတ်တို့က အဆိုပါနေရာမှာ ရာသီတစ်လျှောက် ဝင်ရောက်ကစားခဲ့ကြပေမယ့် ထိရောက်တဲ့ ခြေစွမ်းမျိုး ပြသနိုင်ခဲ့ခြင်းမရှိပါဘူး။ ဒါကြောင့် ယူနိုက်တက်အနေနဲ့ နောက်ရာသီမှာ ဘယ်နောက်ခံနေရာကို အားကောင်းလာစေဖို့ ကစားသမားတွေကို ပစ်မှတ်ထားနေပြီး စောင့်ကြည့်နေတဲ့ စာရင်းထဲမှာ ကာကက်ဇ်က ထိပ်ဆုံးကနေပါဝင်နေသော်လည်း အခုချိန်အထိတော့ ဆွေးနွေးညှိနှိုင်းမှု တစ်စုံတစ်ရာပြုလုပ်ရခြင်းမရှိသေးပါဘူးလို့ သိရပါတယ်။
ဘုန်းမောက်ကတော့ သူတို့ရဲ့ ဟန်ဂေရီလက်ရွေးစင်ကစားသမားအတွက် တန်ကြေးကြီးကြီးမားမားတောင်းဆိုသွားမှာဖြစ်တယ်လို့လည်း သတင်းတွေက ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့နွေရာသီမှာ နယ်သာလန်ကလပ် အေဇက်အယ်လ်ခမာကနေ ပေါင် ၁၅.၅ သန်းနဲ့ပြောင်းရွှေ့လာခဲ့တဲ့ ကာကက်ဇ်ဟာ လူငယ်ကစားသမားဘဝကို မွေးရပ်မြေ ဟန်ဂေရီနဲ့ ဆာဘီးယားနိုင်ငံတွေမှာ ဖြတ်သန်းခဲ့တာဖြစ်ပါတယ်။
အသက်-၂၀ နှစ်အရွယ်သာရှိသေးတဲ့ ကစားသမားဟာ ဘုန်းမောက်ရဲ့ ပုံမှန်ပွဲထွက်ခွင့်ရ ကစားသမားတစ်ဦးဖြစ်ပြီး ဒီရာသီမှာ အဆင့် ၁၂ နဲ့သာ ကျေနပ်ခဲ့ရပေမယ့် စုစုပေါင်း ၂၂ ပွဲအထိ ပွဲထွက်ပါဝင်ခွင့်ရခဲ့တာဖြစ်ပါတယ်။ ကာကက်ဇ်ဟာ ဟန်ဂေရီနဲ့အတူ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ရွေးချယ်ခံထားရပြီး လာမယ့်သီတင်းပတ်များအတွင်း ယူရိုပြိုင်ပွဲမှာ ထွန်းတောက်လာမလား စောင့်ကြည့်သွားရမယ့် ကစားသမားလည်းဖြစ်ပါတယ်။
ဟန်ဂေရီအသင်းဟာ ယူရိုပြိုင်ပွဲမှာ ဆွစ်ဇာလန်၊ ဂျာမနီ၊ စကော့တလန်တို့နဲ့အုပ်စုတစ်ခုတည်းမှာ ကျရောက်နေပါတယ်။