The network connection is lost.

Banner Image

အင်တာမီလန်နောက်ခံလူ ဒမ်ဖရိုင်းစ်ကို စိတ်ဝင်စားနေတဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်ဟာ နွေရာသီအတွင်းမှာ အသင်းရဲ့နောက်တန်းကို အင်အားဖြည့်တင်းဖို့ ရည်ရွယ်ထားပြီး ယခုအခါမှာတော့ အင်တာမီလန်နောက်ခံလူ ဒင်ဇယ်ဒမ်ဖရိုင်းကို စိတ်ဝင်စားတာကြောင့် အသင်းရဲ့နောက်ခံလူ ဝမ်ဘစ်ဆာကာနဲ့ အလိုက်ပေးကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။ အသင်းရဲ့နောက်ခံလူတွေဖြစ်တဲ့ လုခ်ရှောနဲ့ တိုင်ယဲလ်မာလာစီယာတို့က ကြံ့ခိုင်မှုပြည့်ဝဖို့ ရုန်းကန်နေရတာကြောင့် နည်းပြ အဲရစ်တန်ဟက်အနေနဲ့ အစားထိုးနိုင်မယ့်ကစားသမားကို ရှာဖွေနေခဲ့တာဖြစ်ပါတယ်။

အမေရိကန်သို့ ထွက်ခွာလာတဲ့ ရာသီကြိုခြေစမ်းခရီးစဉ်မှာ အသင်းနဲ့အတူ လိုက်ပါလာတဲ့ ဝမ်ဘစ်ဆာကာဟာ ယူနိုက်တက်ရဲ့တစ်ဦးတည်းသော စီနီယာနောက်ခံလူဖြစ်ပြီး အင်္ဂလန်သားဟာ ၂၀၂၅ ခုနှစ်မှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။ ယူနိုက်တက်ပစ်မှတ် ဒမ်ဖရိုင်းစ်ဟာ ပြီးခဲ့တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ နယ်သာလန်အသင်းအတွက် အဓိကနောက်ခံလူအဖြစ်ပါဝင်ခဲ့ပြီး အသင်းကို ဆီမီးဖိုင်နယ်အဆင့်အထိ ပို့ဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

နယ်သာလန်လက်ရွေးစင်ကစားသမားဟာ အင်တာမီလန်နဲ့ ၂၀၂၅ ခုနှစ်အထိသာ စာချုပ်သက်တမ်း ကျန်ရှိတော့ပြီး ယူနိုက်တက်ကလည်း ကစားသမားကို ကာလရှည်စိတ်ဝင်စားနေခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီက ဒမ်ဖရိုင်းစ်ဟာ အင်တာမီလန်အသင်းအတွက် စီးရီးအေ ၃၆ ပွဲပါဝင်ကစားခဲ့ပြီး ၄ ဂိုးသွင်းယူခဲ့ကာ အသင်းကို အမှတ်ပေးချန်ပီယံဆုဖလား ဆွတ်ခူးဖို့ ကူညီပေးနိုင်ခဲ့ပါတယ်။

၂၀၁၉ ခုနှစ်မှာ ခရစ္စတယ်ပဲလေ့စ်မှ ယူနိုက်တက်သို့ ပေါင်သန်း ၅၀ နဲ့ရောက်ရှိလာခဲ့တဲ့ ဘစ်ဆာကာကတော့ ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ရာသီမှာ အသင်းအတွက် ၂၃ ပွဲသာ ပါဝင်ကစားခွင့်ရခဲ့ပြီး ယခုနွေရာသီမှာပဲ အိုးလ်ထရက်ဖို့ဒ်မှ ထွက်ခွာဖို့ စိတ်အားထက်သန်နေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်ရဲ့ ခံစစ်အကျပ်အတည်းကာလမှာ နေရာစုံလိုက်ဖြည့်ကစားခဲ့ရတဲ့ ဗစ်တာလင်ဒီလော့ဖ်ကလည်း အသင်းနဲ့ စာချုပ်သက်တမ်း ၁ နှစ်ကျန်သာကျန်ရှိပါတော့တယ်။

အခြားအပြောင်းအရွှေ့သတင်းတွေမှာတော့ ကွင်းလယ်လူ ဟန်နီဘယ်ကို ရိန်းဂျားက အငှားနဲ့ခေါ်ယူဖို့စိတ်ဝင်စားနေပေမယ့် ယူနိုက်တက်ကတော့ အပြီးသတ်ရောင်းချလိုနေပါတယ်။ အသက်-၂၁ အရွယ် ယူနိုက်တက်အကယ်ဒမီထွက်ကစားသမားဟာ ပြီးခဲ့တဲ့ ၂ ရာသီအတွင်းမှာ ဘာမင်ဂမ်နဲ့ ဆီဗီလာတို့ထံသို့ အငှားစာချုပ်နဲ့ သွားရောက်ကစားခဲ့ပါတယ်။