ဘိုင်ယန်မြူးနစ်နောက်ခံလူ မာဇရာဝီကိုခေါ်ယူဖို့ နှုတ်အားဖြင့်သဘောတူညီမှုရရှိထားတဲ့ ယူနိုက်တက်
မန်ချက်စတာယူနိုက်တက်ဟာ ဘိုင်ယန်မြူးနစ်ညာနောက်ခံလူ မာဇရာဝီကိုခေါ်ယူဖို့ နှုတ်အားဖြင့် သဘောတူညီမှု ရရှိထားပြီး အိုးလ်ထရက်ဖို့ဒ်သို့ ရောက်လာဖို့ စောင့်ဆိုင်းနေပြီလို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။
သို့သော်လည်း မာဇရာဝီကို ခေါ်ယူနိုင်ဖို့ဆိုရင်တော့ ယူနိုက်တက်အနေနဲ့ လက်ရှိအသင်းရဲ့ ကစားသမားတစ်ဦးကို ရောင်းထုတ်နိုင်ဖို့လိုအပ်နေသေးတယ်လို့ သိရပါတယ်။ မာဇရာဝီဟာ ပြီးခဲ့တဲ့ အပတ်က ဝက်စ်ဟမ်းသို့ ပြောင်းရွှေ့ဖို့ နှုတ်အားဖြင့် သဘောတူညီမှုရရှိထားခဲ့ပေမယ့် အေးဂျင့်အခကြေးငွေကို ညှိနှိုင်းနိုင်ခဲ့ခြင်းမရှိတာကြောင့် သဘောတူညီမှုပျက်ပြယ်ခဲ့ပါတယ်။
ယခုအခါမှာတော့ ဝက်စ်ဟမ်းဟာ ယူနိုက်တက်ညာနောက်ခံလူ ဝမ်ဘစ်ဆာကာကို ခေါ်ယူနိုင်ဖို့ ကြိုးစားနေပြီး ယူနိုက်တက်အနေနဲ့လည်း ဘစ်ဆာကာကို ရောင်းချနိုင်မှသာ မာဇရာဝီရဲ့ အပြောင်းအရွှေ့ကို အလျင်အမြန်အပြီးသတ်နိုင်မှာဖြစ်ပါတယ်။ ဘစ်ဆာကာဟာ ၂၀၁၉ ခုနှစ်မှာ ခရစ္စတယ်ပဲလေ့စ်မှ ယူနိုက်တက်သို့ပေါင်သန်း ၅၀ နဲ့ ပြောင်းရွှေ့လာခဲ့ပြီး လက်ရှိအချိန်ထိ ပြိုင်ပွဲစုံ ပွဲ ၁၉၀ ပါဝင်ကစားထားပါတယ်။
ယူနိုက်တက်အနေနဲ့ နောက်ခံလူကို စာချုပ်သစ် ချုပ်ဆိုဖို့ စိတ်ဝင်စားခြင်းမရှိတာကြောင့် ကစားသမားဟာ ဒီနွေရာသီမှာပဲ အိုးလ်ထရက်ဖို့ဒ်မှထွက်ခွာဖို့ အလားအလာများနေတာဖြစ်ပါတယ်။ မာဇရာဝီဟာ ၂၀၂၂ ခုနှစ်မှာ အေဂျက်စ်မှ ဘိုင်ယန်မြူးနစ်သို့စတင်ရောက်ရှိခဲ့ပြီး ဘွန်ဒက်စ်လီဂါမှာ ၂ ရာသီကြာ ကစားခဲ့ပြီးဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်သို့ မရောက်ခင်မှာ မော်ရိုကိုလက်ရွေးစင်ကစားသမားဟာ လက်ရှိယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ရဲ့လက်အောက်မှာ ကစားခဲ့တာဖြစ်ပါတယ်။ အသက်-၂၆ နှစ်အရွယ် ကစားသမားဟာ တန်ဟက်လက်အောက်မှာ ၁၃၇ ပွဲကစားခဲ့ပြီး နယ်သာလန်မှတ်ပေးဖလား ၃ လုံးအပါအဝင် စုစုပေါင်း ဆုဖလား ၆ လုံးအထိ ဆွတ်ခူးနိုင်ခဲ့ပါတယ်။
နွေရာသီအတွင်းမှာယူနိုက်တက်ဟာ ဂျိုရှူးဝါးဇာကီနဲ့ လန်နီယိုရိုတို့ကို ခေါ်ယူထားနိုင်ခဲ့ပြီးဖြစ်တာကြောင့် မာဇရာဝီဟာ အသင်းရဲ့ တတိယမြောက်ခေါ်ယူမှုဖြစ်လာဖို့ရှိနေပါတယ်။