
ဖရန့်ဖတ်နဲ့ပွဲမှ တော့တင်ဟမ်ရဲ့စွမ်းဆောင်ရည်အပေါ် စိတ်ပျက်နေတဲ့ ပိုစတီကိုဂလူ
တော့တင်ဟမ်နည်း အန်ဂျီပိုစတီကိုဂလူက သောကြာနေ့နံနက်က ယှဉ်ပြိုင်ခဲ့တဲ့ ယူရိုပါလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ ဂျာမန်ကလပ် ဖရန့်ဖတ်ကို သရေသာကစားနိုင်ခဲ့တာကြောင့် အသင်းရဲ့စွမ်းဆောင်ရည်အပေါ်စိတ်ပျက်မိကြောင်း ပြောကြားလာခဲ့ပါတယ်။
ယခုပွဲစဉ်မှာ တော့တင်ဟမ်ဟာ ဖရန့်ဖတ်ရဲ့ဦးဆောင်ခြင်းကို စောစောစီးစီးခံခဲ့ရပြီး နောက်ကနေ လိုက်ကစားခဲ့ရတာဖြစ်ပါတယ်။ ပွဲအပြီးမှာ ၁-၁ ဆိုတဲ့သရေရလဒ်သာထွက်ပေါ်ခဲ့တာကြောင့် တော့တင်ဟမ်အနေနဲ့ ဆီမီးဖိုင်နယ်အဆင့်သို့တက်ရောက်နိုင်ဖို့ ဒုတိယအကျော့အဝေးကွင်းမှာ ရုန်းကန်သွားရတော့မှာဖြစ်ပါတယ်။ ယခုရာသီဟာ ပိုစတီကိုဂလူရဲ့ တော့တင်ဟမ်နည်းပြဘဝ ဒုတိယရာသီဖြစ်ပြီး ပုံစံကောင်းရဖို့ အတော်လေးရုန်းကန်နေရတဲ့ ရာသီလည်းဖြစ်ပါတယ်။ ဒဏ်ရာပြဿနာတွေကြောင့် အကောင်းဆုံးလူစာရင်းကို အသုံးပြုနိုင်ခြင်းမရှိတဲ့တော့တင်ဟမ်ဟာ ပရီးမီးယားလိဂ်မှာလည်း ရလဒ်ဆိုးတွေကြုံတွေ့ထားရပြီး အမှတ်ပေးဇယားရဲ့ အဆင့် ၁၄ နေရာမှာသာ ရပ်တည်ထားနိုင်တာဖြစ်ပါတယ်။
ဒါကြောင့် ဒီရာသီမှာ တော့တင်ဟမ်အနေနဲ့ ဖလားလက်မဲ့နဲ့ ဇာတ်သိမ်းမသွားဖို့ ယူရိုပါလိဂ်သာ ကျန်ရှိတော့တာဖြစ်ပြီး ပိုစတီကိုဂလူတစ်ယောက် အသင်းရဲ့ ၁၇ နှစ်ကြာဆုဖလားမိုးခေါင်မှုကို အဆုံးသတ်ပေးသွားနိုင်မလား စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။
ယခုဖရန့်ဖတ်နဲ့ပွဲစဉ်မှ တော့တင်ဟမ်ကစားသမားတွေရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး ပိုစတီကိုဂလူက "ဒီပွဲမှာ ဘာ့ဂျ်ဗောက ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။ ပြီးတော့ ဘန်တန်ကာလည်း ပုံမှန်ခြေစွမ်းရှိခဲ့တယ်လို့ထင်ပါတယ်။ ဒါပေမယ့် နောက်ခံလူတွေကတော့ နောက်တန်းကစားပုံနဲ့ ဘောလုံးထိန်းချုပ်ကစားရာမှာ ပြဿနာတွေရှိနေခဲ့ပါတယ်။ ခရစ်ရှင်ရိုမဲရိုးနဲ့ ဗန်ဒီဗန်တို့က သူတို့ရှေ့ကအသင်းဖော်တွေကို အထောက်အပံ့ပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဦးဆောင်ဂိုးခွင့်ပြုလိုက်ရတာက စိတ်ပျက်စရာပါ"
"ရှေ့တန်း ၃ ယောက်အတွဲကတော့ မက်ဒီဆင်နဲ့ ချိတ်ဆက်ပြီး အခွင့်အရေးတွေဖန်တီးနိုင်ခဲ့ပါတယ်။ အထူးသဖြင့် ဒုတိယပိုင်းမှာ အခွင့်အရေးတွေပိုရခဲ့ပါတယ်။ အနိုင်မရခဲ့ပေမယ့် ကစားသမားတွေဆီကနေ ဒီထက်ပိုပြီးညှစ်ထုတ်ဖို့ မဖြစ်နိုင်တော့ပါဘူး" လို့ပြောကြားခဲ့ပါတယ်။ လာမယ့်ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ တော့တင်ဟမ်ဟာ ဝုဗ်နဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အဆိုပါပွဲစဉ်အပြီးမှာတော့ ယူရိုပါလိဂ်ကွာတားဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်အဖြစ် ဖရန့်ဖတ်ကို ဂျာမန်မြေမှာသွားရောက်ရင်ဆိုင်ရပါမယ်။