
The network connection is lost.

တော့တင်ဟမ်ဟာ လာမယ့်နွေရာသီမှာ အသင်းရဲ့တိုက်စစ်ကိုအားမြှင့်နိုင်ဖို့အတွက် ခရစ္စတယ်ပဲလေ့စ်ကြယ်ပွင့် အီဘာရီချီအီဇီကို ခေါ်ယူဖို့ မန်စီးတီးနဲ့အပြိုင် ပစ်မှတ်ထားနေတယ်လို့သိရပါတယ်။
မန်စီးတီးကလည်း ပေါင်သန်း ၇၀ လောက်တန်ကြေးရှိတဲ့ အီဇီကို ပြီးခဲ့တဲ့နွေရာသီကတည်းက ပစ်မှတ်ထားနေခဲ့ပြီး ယခုအခါမှာတော့ နောက်ထပ်တစ်ကြိမ် ထပ်မံစိတ်ဝင်စားလာခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလက ရှက်ဖီးလ်ယူနိုက်တက်ကို ၃-၂ နဲ့အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ကြွက်သားဒဏ်ရာ ရရှိခဲ့တဲ့ကစားသမားဟာ အခုချိန်အထိပြန်လည် ကစားနိုင်ခြင်းမရှိသေးသော်လည်း ဖလား ၃ လုံးဆုရှင်တွေအပြင် ပိုစတီကိုဂလူရဲ့ပစ်မှတ်ထဲကိုပါ ဝင်ရောက်နေတာဖြစ်ပါတယ်။
သတင်းတွေအရ ပိုစတီကိုဂလူဟာ အသက်-၂၅ နှစ်အရွယ် ကစားသမားကိုသာမက ဝုဗ်အသင်းတိုက်စစ်မှူး နီတိုကိုပါပစ်မှတ်ထားနေတာဖြစ်ပြီး အသင်းရဲ့ ကွင်းလယ်တိုက်စစ်ပိုင်းကို ကျယ်ကျယ်ပြန့်ပြန့်ချဲ့ထွင်လိုနေတာဖြစ်ပါတယ်။ အီဇီနဲ့ နီတို့ဟာ တော့တင်ဟမ်ရဲ့ကစားကွက်နဲ့လိုက်ဖက်မှုရှိနေတာကြောင့် ကစားသမားသစ်ခေါ်ယူမယ့် ဆန်ခါတင်စာရင်းမှာထည့်သွင်းထားပေမယ့် ပက်ဂွါဒီယိုလာအနေနဲ့လည်း အီဇီကို ခေါ်ယူပြီး ကွင်းလယ်တိုက်စစ်ကို အရှိန်မြှင်တင်လိုနေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ဇန်နဝါရီလက ဒဏ်ရာပြဿနာတွေနဲ့ရုန်းကန်နေရတဲ့အသင်းရဲ့တိုက်စစ်ကို ဖာထေးနိုင်ဖို့အတွက် ပိုစတီကိုဂလူဟာ လိုက်ပ်ဇစ်မှတီမိုဝါနာကို အငှားနဲ့ခေါ်ယူခဲ့ပေမယ့် ရာသီကုန်မှာတော့ အငှားစာချုပ်ကုန်ဆုံးမှာဖြစ်တာကြောင့် အပြီးသတ်ခေါ်ယူဖို့ ကစားသမားသစ်တစ်ဦးကို ပစ်မှတ်ထားလာတာဖြစ်ပါတယ်။
၂၀၂၀ ခုနှစ်မှာ ခရစ္စတယ်ပဲလေ့စ်ကို စတင်ရောက်ရှိလာခဲ့တဲ့ အီဇီဟာ အသင်းမှာ တောက်ပတဲ့ခြေစွမ်းတွေပြသထားနိုင်ပြီး ၁၁၃ ပွဲကစားထားရာမှာ ဂိုး ၂၀ သွင်းပြီး ဂိုးဖန်တီးမှု ၁၄ ကြိမ်အထိ ပြုလုပ်ထားနိုင်တာကြောင့် ပရီးမီးယားလိဂ်ကလပ်အများစုရဲ့ ပစ်မှတ်ဖြစ်နေခဲ့ပါတယ်။ အခုချိန်မှာ တော့တင်ဟမ်ကပါ စိတ်ဝင်စားလာပေမယ့် မန်စီးတီးအသင်းက ကာလရှည်ပစ်မှတ်ထားခဲ့တာကြောင့် ကစားသမားကို ခက်ခက်ခဲခဲအပြိုင်လိုက်ရဖို့ရှိနေပါတယ်။
ခရစ္စတယ်ပဲလေ့စ်ကလည်း သူတို့အတွက် အားထားရတဲ့ကစားသမားကို အသင်းကနေ လက်လွှတ်ဖို့ဆန္ဒမရှိပေမယ့် ယခုနွေရာသီမှာ ရောင်းချမယ်ဆိုရင်တော့ ပေါင်သန်း ၇၀ လောက်အထိ တောင်းဆိုသွားဖွယ်ရှိနေပါတယ်။
တစ်ဖက်မှာလည်း ဝုဗ်က အသင်းရဲ့ ဘဏ္ဍာရေးအခြေအနေတွေကြောင့် နီတိုကို လာမယ့်နွေရာသီမှာပဲ ရောင်းချဖို့ပြင်ဆင်သွားဖွယ်ရှိနေပြီး တော့တင်ဟမ်အနေနဲ့ အသက်-၂၃ နှစ်အရွယ်ပေါ်တူဂီသားကိုလည်း ခေါ်ယူနိုင်ဖို့ အခွင့်အရေးများနေပါတယ်။ တကယ်လို့ တော့တင်ဟမ်ကသာ နီတိုကိုခေါ်ယူနိုင်မယ်ဆိုရင်တော့ ကစားသမားကိုပစ်မှတ်ထားနေတဲ့ အာဆင်နယ်အတွက် ထိုးနှက်ချက်တစ်ခုဖြစ်လာနိုင်ပါတယ်။