
The network connection is lost.

အဓိက တိုက်စစ်ကစားသမား ဟယ်ရီကိန်းကို ရောင်းချထားခဲ့ရပေမဲ့ နည်းပြ ပိုစတီကိုဂလူရဲ့ ဦးဆောင်မှုနဲ့အတူ ပရီးမီးယားလိဂ်ရာသီအစမှာ နိုင်ပွဲတွေဆက်ကာ အဖွင့်လှနေတဲ့ တော့တင်ဟမ်အသင်းက ပရီးမီယားလိဂ်ပြိုင်ဘက် မန်စီးတီးအသင်းအပါအဝင် ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ်အသင်းတို့ရဲ့ ပစ်မှတ်ကစားသမား ဗက်စ်ကိုဗစ်ကို တရားဝင်ခေါ်ယူနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။
ကမ္ဘာကျော်သတင်းထောက် ဖာဘရီဇီယိုရိုမာနိုရဲ့ ဖော်ပြချက်အရ ပရီးမီးယားလိဂ်မှာ ခြေစွမ်းထက်နေတဲ့ တော့တင်ဟမ်အသင်းက အလားအလာကောင်းတွေပိုင်ဆိုင်ထားတဲ့ အသက် ၁၆နှစ်အရွယ် ခရိုအေရှားဗဟိုနောက်တန်းကစားသမားကို ခေါ်ယူနိုင်ရန် သဘောတူညီမှု ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဟိုင်ဂျက်စပလစ်အသင်းတွင် ခြေစွမ်းပြ ကစားနိုင်မှုကြောင့် မန်စီးတီး၊ ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ်အသင်းတို့အပါအဝင် ဥရောပ ထိပ်တန်းကလပ်အသင်း ၅သင်းလောက်က စိတ်ဝင်စားမှုမြင့်တက်လာချိန်မှာ အသက် ၁၆နှစ်အရွယ် ကစားသမားကိုယ်တိုင်က တော့တင်ဟမ်အသင်းကို ပြောင်းရွှေ့ကစားရန် စိတ်အားထက်သန်နေခဲ့တာလည်း ဖြစ်ပါတယ်။
တော့တင်ဟမ်အသင်းက ပြောင်းရွှေ့ကြေး ပေါင် ၁.၉၃သန်းဖြင့် ခေါ်ယူရန် သဘောတူညီမှု ရယူနိုင်ခဲ့တဲ့ ဘော်လ်ကန်ဒေသဖွား နောက်တန်းကစားသမားအနေဖြင့် ပြီးခဲ့တဲ့နှစ်ဘောလုံးရာသီတွင် ဟိုင်ဂျက်စပလစ်အသင်းအတွက် ပွဲစဉ် ၉ပွဲ ကစားထားခဲ့ပေမဲ့ ယခုနှစ်ရာသီမှာ စီနီယာအသင်းနဲ့အတူ ဝင်ရောက်ကစားပေးခွင့်မရထားသေးတာလည်း ဖြစ်ပါတယ်။
နည်းပြ ပိုစတီကိုဂလူရဲ့ တော့တင်ဟမ်အသင်းက ဗက်စ်ကိုဗစ်ကို ၂၀၃၀ ခုနှစ်အထိ သက်တမ်းကျန်စေမယ့် ၇ နှစ်စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပြီး ကစားသမားအနေဖြင့် အသက် ၁၈ နှစ်ပြည့်မယ့် ၂၀၂၅ ခုနှစ်အရောက်တွင် တော့တင်ဟမ်အသင်းနဲ့ လန်ဒန်မြေမှာ လာရောက်ပူးပေါင်းရမှာပဲ ဖြစ်ပါတယ်။