The network connection is lost.

Banner Image

တော့တင်ဟမ်ရဲ့ကနဦးကမ်းလှမ်းမှုအပေါ် မာသီးစ်တဲလ် ပယ်ချခဲ့ခြင်းကိစ္စကို ရှင်းပြလိုက်တဲ့ ပိုစတီကိုဂလူ

ဘိုင်ယန်မြူးနစ်နဲ့ အငှားပြောင်းရွှေ့မှုမပေါ်ပေါက်လာသေးခင် တော့တင်ဟမ်ရဲ့ကနဦးကမ်းလှမ်းမှုကို မာသီးစ်တဲလ်ကိုယ်တိုင်ပယ်ချခဲ့ခြင်းနဲ့ပတ်သက်လို့ ပိုစတီကိုဂလူက ရှင်းလင်းပြောဆိုခဲ့ပါတယ်။ တော့တင်ဟမ်က အပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးအချိန်မှာ အသက်-၁၉ နှစ်အရွယ်ကစားသမားကို ရာသီကုန်အထိသက်တမ်းရှိမယ့် အငှားစာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် မြောက်လန်ဒန်ကလပ်က လာမယ့်နွေရာသီကာလအတွင်း ကစားသမားကို ယူရို ၅၅ သန်းဖြင့် အပြီးသတ်ဝယ်ယူခွင့်လည်း ရရှိခဲ့ပါတယ်။

ဒါပေမယ့် မန်ချက်စတာယူနိုက်တက်ရဲ့စိတ်ဝင်စားမှုရရှိခဲ့တဲ့ မာသီးစ်တဲလ်ကိုယ်တိုင် တော့တင်ဟမ်ရဲ့ အပြီးသတ်ဝယ်ယူနိုင်ရေးကနဦးချဉ်းကပ်မှုကို ပယ်ချတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာပြီးနောက်မှသာ အခုလိုအငှားအပြောင်းအရွှေ့သဘောတူညီမှု ဖြစ်ပေါ်လာခဲ့တာပါ။ မန်ချက်စတာယူနိုက်တက်ကတော့ ဂျာမန်ကလပ်အသင်းရဲ့ အလွန်အကျွံတောင်းဆိုမှုတွေကြောင့် အပြောင်းအရွှေ့ဆွေးနွေးမှုတွေကို ရပ်ဆိုင်းဖို့ ဆုံးဖြတ်သွားခဲ့ပါတယ်။ ပြင်သစ်ယူ-၂၁လက်ရွေးစင်အနေဖြင့် သူ့ရဲ့အသင်းဆီ ပြောင်းရွှေ့ဖို့ စိတ်မဝင်စားခဲ့ဘူးလားလို့ မေးမြန်းလာချိန် ပိုစတီကိုဂလူက လူငယ်တိုက်စစ်မှူးရဲ့အတွေးအမြင်တွေအကြောင်း ရှင်းပြသွားခဲ့ပါတယ်။

သတင်းထောက်တွေနဲ့တွေ့ဆုံချိန် ပိုစတီကိုဂလူက “ကစားသမားဘဝအတွက် အရေးကြီးဆုံးဖြတ်ချက်တစ်ခု ချမှတ်ခဲ့ရတဲ့ အသက်-၁၉ နှစ်အရွယ်လူငယ်တစ်ဦးအကြောင်း ဆွေးနွေးပြောဆိုမှုဖြစ်တယ်ဆိုတာကို လူတွေ နားလည်ပေးဖို့ လိုအပ်လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ သူက ကျွန်တော်တို့တင် မဟုတ်ပါဘူး၊ ဘယ်သူ့ကိုမဆို ငြင်းဆန်ပယ်ချသွားမှာပါ။ သူက ဆုံးဖြတ်ချက်ကို စိတ်အေးလက်အေးချမှတ်ချင်ခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။ သူက တစ်ခုခုတည်းကိုပဲ မဖြစ်မနေတွန်းအားပေးချင်ခဲ့တယ်လို့ ကျွန်တော် မယူဆပါဘူး။ ဒီအတွက် သူ့ကို အသိအမှတ်ပြုပါတယ်။ ကျွန်တော်နဲ့ သူလည်း ဘောလုံးအကြောင်း သီးသန့်စကားစမြည်ပြောခဲ့ပါတယ်။ ဒီကလပ်အသင်းမှာ သူ့အတွက် အမှန်တကယ်ကောင်းမွန်တဲ့နေရာတစ်ခု ရှာဖွေနိုင်လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်”လို့ ပြောပါတယ်။

တော့တင်ဟမ်အသင်းနဲ့ပတ်သက်ပြီး မာသီးစ်တဲလ်ရဲ့ကတိကဝတ်တွေကို ယုံကြည်ပါသလားဆိုတဲ့မေးခွန်းကို ပိုစတီကိုဂလူက “ Yes, ရာနှုန်းပြည့်ပါပဲ။ သူက အချိန်အများကြီးယူပြီး စဉ်းစားခဲ့တာဖြစ်လို့ ကျွန်တော့်အတွက် ရာနှုန်းပြည့်ထက်တောင် ယုံကြည်နေပါသေးတယ်။ သူက အလုပ်တာဝန်နဲ့ပတ်သက်ပြီး ဂရုစိုက်မှုအပြည့် ရှိခဲ့ပါတယ်။ သူ့အတွက် အခြားရွေးချယ်စရာတွေလည်း ရှိခဲ့လို့ ကျွန်တော်တို့တွေ မှန်ကန်တဲ့စိတ်နေစိတ်ထား၊ မှန်ကန်တဲ့ကစားသမားတစ်ဦးကို ရရှိခဲ့ပြီဆိုပြီး ပိုပြီးတော့တောင် ယုံကြည်မှုရှိလာပါတယ်။ သူက ရည်မှန်းချက်ကြီးမားပြီး မိမိကိုယ်ကို ယုံကြည်မှုအပြည့်ရှိပါတယ်။ ပွဲစဉ်တွေရဲ့ထိပ်ဆုံးအဆင့်အထိ သူတက်လှမ်းနိုင်မယ်ဆိုတဲ့ ခံစားချက်မျိုးလည်း ရှိပါတယ်။ ကျွန်တော်တို့ကို သူရွေးချယ်လိုက်မှုက ကျွန်တော်တို့အပေါ် သံသယမရှိဘူးဆိုတာကို ပြသလိုက်တာပါပဲ”လို့ တုံ့ပြန်ဖြေကြားခဲ့ပါတယ်။

မာသီးစ်တဲလ်က အခုဘောလုံးရာသီ၊ ဘွန်ဒက်စ်လီဂါပြိုင်ပွဲမှာ ရှစ်ပွဲသာပါဝင်ကစားခဲ့ရပြီး တော့တင်ဟမ်အသင်းမှာ ပွဲကစားချိန်တွေ ပိုမိုရရှိဖို့ မျှော်လင့်နေပါလိမ့်မယ်။ မာသီးစ်တဲလ်က အခုညပိုင်း၊ လီဗာပူးနဲ့ရင်ဆိုင်ရမယ့် ကာရာဘောင်းဖလားပွဲစဉ်ကို ပွဲဦးထွက်အဖြစ် ပါဝင်ကစားသွားနိုင်ပါတယ်။