လူးကပ်စ်ဗာ့ဂျ်ဂွါရဲ့နောက်ကျဂိုးနဲ့ ကာရာဘောင်းဆီမီးဖိုင်နယ်(ပ-ကျော့)မှာ လီဗာပူးကို အနိုင်ယူခဲ့တဲ့ တော့တင်ဟမ်
တော့တင်ဟမ်ကတော့ လာမယ့်ဖေဖော်ဝါရီလ၊ အန်ဖီးလ်ကွင်းဒုတိယအကျော့ပွဲစဉ်မတိုင်ခင် ပြိုင်ဘက်လီဗာပူးကို အနည်းငယ်အသာစီးရယူထားနိုင်ခဲ့ပါတယ်။ လူးကပ်စ်ဗာ့ဂျ်ဂွါရဲ့ ပွဲချိန် ၈၆ မိနစ်သွင်းဂိုးက ကာရာဘောင်ဖလားဆီမီးဖိုင်နယ်(ပထမအကျော့)အဖြစ် ပြိုင်ဘက်လီဗာပူးကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိစေဖို့ လုံလောက်ခဲ့ပါတယ်။
ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် လွန်ခဲ့တဲ့သီတင်းပတ်အနည်းငယ်က ဒီနှစ်သင်းထိပ်တိုက်တွေ့ဆုံချိန် တော့တင်ဟမ်ကို ကြိုးကြာနီတွေက ၆-၃ ဂိုးဆိုတဲ့ ရလဒ်ဖြင့် အနိုင်ယူခဲ့ပါတယ်။ ဒါကြောင့် အခုပွဲစဉ်မှာလည်း နောက်ထပ်အပြန်အလှန်သွင်းဂိုးတွေနဲ့အတူ မြိုင်ဆိုင်တဲ့ပွဲစဉ်တစ်ခုဖြစ်လာဖို့ မျှော်လင့်ထားခဲ့ကြပါတယ်။
အခုပွဲစဉ်ရဲ့ပွဲချိန်အစောပိုင်းမှာပဲ တော့တင်ဟမ်ကစားသမားဘန်တန်ကာ ဒဏ်ရာအပြင်းအထန်ရရှိသွားလို့ မိနစ်အတော်ကြာဆေးကုသမှုခံယူခဲ့မှုက ထူးခြားဖြစ်စဉ်တစ်ခု ဖြစ်ခဲ့ပါတယ်။ သာမန်ပွဲကစားချိန်ပြီးဆုံးဖို့ ၁၅ မိနစ်ဝန်းကျင်သာ လိုအပ်တော့ချိန် ဆိုလန်ကီက အခုပွဲစဉ်အတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပေမယ့် VAR ရဲ့ကြားဝင်မှုနဲ့အတူ လူကျွံဘောအဖြစ် သတ်မှတ်ကာ သွင်းဂိုးကို ပယ်ဖျက်ခဲ့ပါတယ်။
ဒါပေမယ့် တော့တင်ဟမ်တိုက်စစ်မှူးက အခုပွဲစဉ်အတွက်အဆုံးအဖြတ်ဂိုးကို အကွက်မြင်မြင်ဖန်တီးပေးပို့ခဲ့ပြီး အိမ်ရှင်တွေအတွက် ရလဒ်ကောင်းရရှိအောင် ခြေစွမ်းပြကစားခဲ့ပါတယ်။ လီဗာပူးအသင်းဘက်ကတော့ အဆုံးအဖြတ်ဂိုးမတိုင်ခင် မိနစ်အနည်းငယ်အလိုမှာ ဆီမီကတ်စ်အပေါ် ကစားပုံကြမ်းတမ်းခဲ့တဲ့ လူးကပ်စ်ဗာ့ဂျ်ဂွါကို နှစ်ဝါတစ်နီပြစ်ဒဏ်ဖြင့် အရေးယူခြင်းမရှိလို့ ဒေါသူပုန်ထခဲ့ကြပါတယ်။