အာဆင်နယ်ရဲ့အမေရိကန်ခြေစမ်းခရီးစဉ်ကို လွဲချော်သွားမယ့် တိုမီယာစု
အာဆင်နယ်နောက်ခံလူ တာကီဟီယိုတိုမီယာစုဟာ ဒဏ်ရာပြဿနာကြောင့် အမေရိကန်သို့ ထွက်ခွာသွားမယ့် အသင်းရဲ့ရာသီကြိုခြေစမ်းခရီးစဉ်ကို လွဲချော်သွားမှာဖြစ်ပြီး နည်းပြ အာတီတာက ကစားသမားရဲ့ဒဏ်ရာအခြေအနေကို အကဲဖြတ်နေဆဲဖြစ်တယ်လို့ အသိပေးလာခဲ့ပါတယ်။
အာတီတာဟာ ဘုန်းမောက်၊ မန်ချက်စတာယူနိုက်တက်၊ လီဗာပူးတို့နဲ့ ယှဉ်ပြိုင်သွားရမယ့် ခြေစမ်းပွဲတွေအတွက် ကစားသမား ၂၆ ဦး ရွေးချယ်ထားပြီး အဆိုပါပွဲစဉ်တွေကို ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်မှာ ကျင်းပသွားမှာဖြစ်ပါတယ်။
တိုမီယာစုအပြင် ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ပါဝင်ခဲ့ကြတဲ့ ဒီကလန်ရိုက်စ်၊ ဘူကာယိုဆာကာ၊ ဒေးဗစ်ရာယာ၊ အာရွန်ရမ့်စ်ဒေးနဲ့ ဝီလီယမ်ဆာလီဘာတို့ကလည်း အသင်းနဲ့ ပြန်လည်ပူးပေါင်းနိုင်ခြင်း မရှိသေးတာကြောင့် ရာသီကြိုခြေစမ်းခရီးစဉ်ကို လွဲချော်သွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် နောက်ထပ် နောက်ခံလူတစ်ဦးဖြစ်တဲ့ တီယာနေးကလည်း ယူရို ၂၀၂၄ ပြိုင်ပွဲမှာ စကော့တလန်အသင်းအတွက် ပါဝင်ကစားရင်း တံကောက်ကြောဒဏ်ရာ ရခဲ့တာကြောင့် အာဆင်နယ်ရဲ့ခရီးစဉ်ကို လွဲချော်သွားမှာဖြစ်ပါတယ်။
ယခုအခါမှာတော့ တိုမီယာစုရဲ့ ဒဏ်ရာအခြေအနေကို အသင်းရဲ့ ဆေးအဖွဲ့က အကဲဖြတ်နေဆဲဖြစ်ကြောင်းကို အာတီတာက “သူဒီလို ဒဏ်ရာရသွားတာ မယုံနိုင်စရာပါပဲ။ ကောင်းလေးက ပြင်းပြင်းထန်ထန်လေ့ကျင့်ခဲ့ပေမယ့် လေ့ကျင့်ရေးကွင်းမှာ မတော်တဆ ဒဏ်ရာရသွားတာပါ။ ဘယ်လောက်အတိုင်းအတာအထိ ထိခိုက်မိသလဲဆိုတာတော့ ကျွန်တော်တို့ မသိရသေးပါဘူး” “ဒါပေမယ့် ကျွန်တော်တို့ သတိထားဖို့လိုတာကြောင့် သူ့ကို ဒီမှာထားခဲ့ပြီး ဘာတွေဖြစ်လာမလဲ ဒီတစ်ပတ်အတွင်း စောင့်ကြည့်ရမှာပါ” လို့ ပြောကြားခဲ့ပါတယ်။
အာဆင်နယ်ရဲ့ ဗဟိုခံစစ်မှူးတစ်ဦးဖြစ်တဲ့ ဂျူရီယန်တင်ဘားကတော့ ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ရာသီတစ်ခုလုံးနီးပါး လွဲချော်ခဲ့ပေမယ့် လာမယ့်ရာသီမှာ အသင်းအတွက် ပြန်လည်ကစားပေးနိုင်ဖို့ မျှော်လင့်နေပါတယ်။ ပြီးခဲ့တဲ့ နှစ်က အေဂျက်စ်မှ စတင်ပြောင်းရွှေ့လာခဲ့တဲ့ နယ်သာလန်သားဟာ သူ့ရဲ့ ပရီးမီးယားလိဂ်ပွဲဦးထွက်မှာပဲ ဒူးခေါင်းဒဏ်ရာပြင်းပြင်းထန်ထန် ရရှိခဲ့တာကြောင့် ကာလရှည်အနားယူခဲ့ကြပြီး အဲဗာတန်ကို အနိုင်ရခဲ့တဲ့ နောက်ဆုံးပွဲစဉ်မှသာ ပြန်လည်ကစားနိုင်ခဲ့တာဖြစ်ပါတယ်။
တင်းဘားနဲ့ပတ်သက်ပြီး အာတီတာက “သူက ကစားသမားကောင်းတစ်ယောက်ပါ။ သူ့ရဲ့ခန္ဓာကိုယ်လှုပ်ရှားပုံ၊ အပြုအမူတွေနဲ့ အလုပ်ကြိုးစားပုံတွေကို မြင်ရင်သိသာပါတယ်။ ကျွန်တော်တို့ သူ့ကို လာမယ့်ရက်သတ္တပတ်အနည်းငယ်အတွင်းမှာပဲ စီမံခန့်ခွဲနိုင်တော့မှာပါ။ ဒီအတွက် အရမ်းစိတ်လှုပ်ရှားနေပါတယ်။ သူက အသင်းရဲ့ခေါင်းဆောင်တစ်ယောက်ပါ။ ပွဲထွက်ကစားရတာကို နှစ်သက်ပြီး အသင်းအတွက် အရေးပါတဲ့ကစားသမားဖြစ်လာပါလိမ့်မယ်။ သူက နည်းစနစ်ပိုင်းအထူးကျွမ်းကျင်တာကြောင့် အသင်းအတွက် အရမ်းကောင်းတဲ့ ပေါင်းစပ်မှုဖြစ်လာပါလိမ့်မယ်”လို့ ပြောကြားခဲ့ပါတယ်။