
အာဆင်နယ်ကနေထွက်ခွာနိုင်ချေများနေတဲ့ သောမက်စ်ပါတေး
စာချုပ်သစ်ဆွေးနွေးမှုအဆင်မပြေတာကြောင့် အာဆင်နယ်ကွင်းလယ်လူ ပါတေးတစ်ယောက် အသင်းကနေထွက်ခွာနိုင်ချေများနေတယ်လို့ သိရပါတယ်။ESPN သတင်းဌာနရဲ့အဆိုအရ အာဆင်နယ်ဟာ ပါတေးကိုစာချုပ်သစ်ချုပ်ဆိုနိုင်ဖို့ လုပ်ဆောင်နေပေမယ့် ဆွေးနွေးမှုတွေက အဆင်မပြေဖြစ်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။
အာဆင်နယ်ဘက်က ပါတေးကို လက်ရှိလုပ်ခလစာအတိုင်း ကမ်းလှမ်းထားပေမယ့် ပါတေးရဲ့ကိုယ်စားလှယ်တွေက လုပ်ခလစာပိုတိုးလိုချင်နေတယ်လို့ သိရပါတယ်။ အဆိုပါအခြေအနေအရ ဆွေးနွေးမှုတွေက အဆင်မပြေဖြစ်နေပြီး အလွတ်နဲ့ထွက်ခွာနိုင်ချေများနေပါတယ်။ ပါတေးကို ဥရောပအသင်းတော်တော်များများက စိတ်ဝင်စားနေသလို ဘာစီလိုနာ နဲ့ အသင်းဟောင်း တီကိုတို့ကလည်း စိတ်ဝင်စားနေပါတယ်။
လာလီဂါမြေက စိတ်ဝင်စားနေပေမယ့်လည်း ပါတေးဟာ ဖီနာဘာချီအသင်းနဲ့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။ တူရကီကလပ်ဘက်က ပါတေးကို ကနဦးကမ်းလှမ်းမှုပြုလုပ်ဖွယ်ရှိနေပြီး အေစီမီလန်ဘက်ကလည်း စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ၂၀၂၅ - ၂၆ ရာသီအတွက် အာတီတာက ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်နေပြီး ဆိုစီဒက်စတား ဇူဘီမန်ဒီကိုခေါ်ယူထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။
ပါတေးထွက်ခွာခဲ့မယ်ဆိုရင် ဇူဘီမန်ဒီက သူ့နေရာမှာ အစားဝင်မှာဖြစ်ပြီး နောက်ထပ်ကွင်းလယ်လူသစ်လည်း ထပ်မံခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။ စပိန်သားဟာ အာဆင်နယ်ရဲ့ကွင်းလယ်ခံစစ်နေရာအတွက် ကာလရှည်ဖြေရှင်းမယ့်ကစားသမားမျိုးဖြစ်ပြီး အာတီတာရဲ့နည်းစနစ်မှာ အံဝင်နိုင်မယ့်ကစားသမားမျိုးဖြစ်ပါတယ်။