အိုင်ဗန်တိုနေးရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောကြားလာတဲ့ သောမတ်စ်ဖရန့်ခ်
ဘရန့်ဖို့ဒ်နည်းပြ သောမတ်စ်ဖရန့်ခ်ဟာ ပရီးမီးယားလိဂ်ကလပ်အသင်းကြီးတွေရဲ့ စိတ်ဝင်စားမှုကိုခံနေရတဲ့ အသင်းရဲ့ကြယ်ပွင့်တိုက်စစ်မှူး အိုင်ဗန်တိုနေးရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။
လောင်းကစားမှုကြောင့် ဘောလုံးကစားခွင့်မှ ၈ လကြာပိတ်ပင်ခံခဲ့ရပြီးနောက် ခြေစွမ်းပြသထားနိုင်တဲ့ တိုနေးကို ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ကလပ်အသင်းကြီးတွေက ခေါ်ယူနိုင်ဖို့ ကြိုးစားခဲ့ကြတာဖြစ်ပါတယ်။
အာဆင်နယ်နဲ့ ချဲလ်ဆီးတို့က တိုက်စစ်မှူးကို အသည်းအသန်ချိတ်ဆက်ခဲ့ကြပေမယ့် နှစ်သင်းစလုံးခေါ်ယူနိုင်ခဲ့ခြင်းမရှိတာကြောင့် ကစားသမားဟာ ၂၀၂၃-၂၄ ရာသီကုန်အထိ ဘရန့်ဖို့ဒ်မှာပဲ ဆက်လက်ကျန်ရှိနေခဲ့တာဖြစ်ပါတယ်။
ဘောလုံးကစားခွင့် ပြန်လည်ရရှိပြီးနောက် အသင်းအတွက် ကစားခွင့်ရတဲ့ ပထမဆုံး ၅ ပွဲမှာ ၄ ဂိုးအထိသွင်းယူနိုင်ခဲ့တဲ့ တိုနေးဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ပွဲစဉ် ၁၂ ပွဲကစားခွင့်ရခဲ့ပါတယ်။ ခြေစွမ်းကောင်းကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့တဲ့ တိုနေးဟာ အင်္ဂလန်လက်ရွေးစင်အသင်းမှာလည်း ရွေးချယ်ခြင်းခံခဲ့ရပြီး ယူရို ၂၀၂၄ ပြိုင်ပွဲမှာ လူစားဝင်ကစားသမားအဖြစ် ၃ ပွဲပါဝင်ကစားခဲ့ရပါတယ်။
လက်ရှိအချိန်မှာ နွေရာသီအားလပ်ရက်ကို ကုန်ဆုံးနေတဲ့ တိုနေးအနေနဲ့ အနာဂတ်ဟာ မသေချာမရေရာတဲ့ အခြေအနေမှာရှိနေပြီး ဘရန့်ဖို့ဒ်မှာပဲ ဆက်နေမှာလား အသင်းသစ်ကိုရွှေ့ပြောင်းမှာလားဆိုတာ မေးခွန်းထုတ်စရာဖြစ်နေပါတယ်။ ကစားသမားဟာ ဘရန့်ဖို့ဒ်နဲ့ ၂၀၂၄-၂၅ ရာသီအထိသာ စာချုပ်သက်တမ်းကျန်ရှိတော့တာကြောင့် အသင်းအနေနဲ့ ယခုနွေရာသီမှာပဲ ရောင်းချပြီး ဘဏ္ဍာငွေရှာဖို့ အခွင့်အရေးရှိနေတာဖြစ်ပါတယ်။
သို့သော်လည်း အသင်းနည်းပြ သောမတ်စ်ဖရန့်ခ်ကတော့ တိုနေးကို ဆက်လက်ထိန်းသိမ်းလိုနေပြီး ယခုအခါမှာ "သူ့ရဲ့အနာဂတ်ကို ဘယ်သူမှမသိပါဘူး။ လောလောဆယ်တော့ သူက ဘရန့်ဖို့ဒ်ကစားသမားတစ်ယောက်ပါ။ ကျွန်တော်ကတော့ သူ့ကို အသင်းမှာဆက်နေစေချင်ပါတယ်။ ဒါက ကျွန်တော့်အတွက်တော့ စိန်ခေါ်မှုတစ်ခု ဖြစ်လာမှာပါ။ ကစားသမားကောင်းကို ဆက်မထိန်းထားချင်နဲ့ နည်းပြဆိုတာမရှိပါဘူး"
"ဒါကြောင့် အခုအိုင်ဗန်တိုနေးကို အသင်းမှာ ဆက်လက်ထားနိုင်ဖို့ ကြိုးစားမှာပါ။ သူကလည်း အသင်းမှာပျော်နေပြီး သူနဲ့ထိုက်တန်တဲ့ အင်္ဂလန်ကစားသမားဘဝမှာလည်း ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ အသင်းမှာ သူရှိနေလို့ ကျွန်တော်ဝမ်းသာပါတယ်။ သူက ဂိုးသွင်းကောင်းတဲ့ကစားသမားတစ်ဦးဖြစ်ပြီး အသင်းတိုင်းက လိုချင်တဲ့ ကစားသမားမျိုးပါ။ ဒီလိုကစားသမားမျိုးကို ဝယ်ချင်တယ်ဆိုရင်တော့ ဈေးကြီးပါလိမ့်မယ်" လို့ပြောကြားခဲ့ပါတယ်။
ဖရန့်ခ်အနေနဲ့ တိုနေးကို ဆက်လက်ထိန်းသိမ်းဖို့ စိတ်အားထက်သန်နေပေမယ့် အသင်းကတော့ ကစားသမားရဲ့စာချုပ်အခြေအနေကြောင့် ရောင်းချဖို့ ပြင်ဆင်နိုင်ပါတယ်။ သို့သော်လည်း အာဆင်နယ်နဲ့ ချဲလ်ဆီးတို့က တိုနေးကို ခေါ်ယူဖို့ ဆက်လက်ကြိုးစားသွားဖွယ်မရှိတာကြောင့် လောလောဆယ်မှာတော့ ဝက်စ်ဟမ်းနဲ့ တော့တင်ဟမ်တို့သာ ကစားသမားကို ခေါ်ယူနိုင်ရေး ထိပ်ဆုံးကနေဦးဆောင်နေပါတယ်။