The network connection is lost.

Banner Image

တော့တင်ဟမ် ကြယ်ပွင့်က လာမည့်ရာသီတွင် ဂိုးများစွာ သွင်းယူနိုင်မယ်လို့ ထောက်ခံလိုက်တဲ့ သောမတ်စ် ဖရန့်ခ်

တော့တင်ဟမ်ဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဖရန့်ခ်ကို တရားဝင် ခန့်အပ်ကြောင်း မီဒီယာများသို့ ကြေညာခဲ့ပြီး ရက်သတ္တပတ်များစွာကြာ ထင်ကြေးပေးမှုများကို အဆုံးသတ်ခဲ့ကာ ဘရန့်ဖို့ဒ် နည်းပြဟောင်းက မြောက်လန်ဒန်တွင် သုံးနှစ်စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

အသက် ၅၁ နှစ်အရွယ် နည်းပြက တော့တင်ဟမ်ကို ယူရိုပါလိဂ် ဖလားရရှိအောင် ဦးဆောင်ခဲ့သလို ပရီးမီးယားလိဂ်တွင် ကလပ်ရဲ့ သမိုင်းတစ်လျှောက် အဆိုးရွားဆုံး ရာသီကို ကြုံတွေ့ခဲ့ရတဲ့ ပိုစတီကိုဂလူ ချန်ထားခဲ့တဲ့ အရာများကို ပြန်လည် စုစည်းရန် တာဝန်ပေးခံထားရပါတယ်။

ဖရန့်ခ်က သူ့ရဲ့အသင်းသစ်ကို လေ့ကျင့်မှုများ မစတင်မီ အနည်းငယ် စောင့်ဆိုင်းရဦးမည်ဖြစ်သော်လည်း ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်း ဟော့စ်ပါ ဝေး ရှိ သူ့ရဲ့ အိမ်အသစ်နှင့် အသားကျအောင် နေထိုင်ခဲ့ပါတယ်။ ဖရန့်ခ် ပထမဆုံး ကိုင်တွယ်မည့် ပွဲစဉ်မှာ ဇူလိုင် ၂၆ ရက်တွင် လူတန်တောင်းနှင့် ကစားမည့် ရာသီကြိုပွဲစဉ် ဖြစ်ပြီး ဒိန်းမတ်နိုင်ငံသားနည်းပြက ၂၀၂၅/၂၆ ရာသီ မတိုင်မီ သူ့ရဲ့ စိတ်ကူးများကို အကောင်အထည်ဖော်ရန် ရှင်းရှင်းလင်းလင်း မျှော်လင့်နေပါတယ်။

"အရည်အချင်းရှိတဲ့ အသင်းတစ်သင်းပါ၊ အရမ်းကောင်းတဲ့ အသင်းတစ်သင်းပါ၊ သူတို့နဲ့ အလုပ်လုပ်ရတာကို ကျွန်တော် အရမ်းစိတ်လှုပ်ရှားပါတယ်" လို့ ဖရန့်ခ်က အသင်းရဲ့တရားဝင် ဝဘ်ဆိုဒ်သို့ ပြောကြားခဲ့ပါတယ်။ "ဟုတ်ပါတယ် ပရီးမီးယားလိဂ်ကို လိုက်ကြည့်တဲ့အခါ အခြားအသင်းတွေကို မြင်ရတယ် တော့တင်ဟမ်ကို မြင်ရပါတယ်။ ပြီးခဲ့တဲ့နှစ်တွေမှာ အသင်းရဲ့ အံ့မခန်း စွမ်းဆောင်ရည်အချို့ကို မြင်တွေ့ခဲ့ရပါတယ်။ ဒါကြောင့် အလားအလာကြီးကြီးမားမား ရှိတယ်လို့ ကျွန်တော် ထင်ပါတယ်"

"ဒါပေမဲ့ ဟုတ်ပါတယ် ကျွန်တော် အပြင်ကနေ ကြည့်နေတာပါ၊ ဒါကြောင့် သူတို့ကို သိအောင် လုပ်ဖို့၊ သူတို့နဲ့ အတူရှိနေဖို့၊ သူတို့ကို ခံစားဖို့၊ နားလည်ဖို့၊ လေ့ကျင့်ရေးကွင်းမှာ သူတို့နဲ့ အလုပ်လုပ်ဖို့ကို ကျွန်တော် မျှော်လင့်နေပါတယ်" "အဲဒီမှာ တကယ်ကို နားလည်မှုကြီးကြီးမားမား ရရှိပြီး ကစားသမားတွေကြားက ဆက်ဆံရေးတွေကို နားလည်ကာ သူတို့ထဲကနေ အကောင်းဆုံးကို ဘယ်လို ထုတ်ယူမလဲဆိုတာကို နားလည်နိုင်ပါတယ်"

"ကျွန်တော့်မှာ စိတ်ကူးရှိနေပြီးသားပါ၊ ဘယ်လို ကစားနိုင်မလဲ၊ ဘယ်လို ပေါင်းစပ်မလဲဆိုတာနဲ့ ပတ်သက်ပြီး ကျွန်တော့်ခေါင်းထဲမှာ တွေးနေပါတယ်။ ဒါပေမဲ့ အဲဒါကို ကျွန်တော် မျှော်လင့်နေပါတယ်" လို့ သူက ပြောပါတယ်။ ဖရန့်ခ်က တော့တင်ဟမ် ကစားသမားတွေဖြစ်တဲ့ လူငယ်ရော၊ အတွေ့အကြုံရှိ ကစားသမားများပါ အတူတကွ လုပ်ဆောင်ရမည့် အခွင့်အရေးကို နှစ်သက်သဘောကျနေပြီး ပြီးခဲ့တဲ့ရာသီက လိဂ်ဂိုး ၉ ဂိုးသာ သွင်းယူနိုင်ခဲ့တဲ့ ဆိုလန်ကီ ကို အကောင်းဆုံး ဖြစ်အောင် မည်သို့လုပ်ဆောင်ရမည်ကို စဉ်းစားနေပြီလည်း ဖြစ်ပါတယ်။

"‘အရည်အချင်းရှိတယ်လို့ ကျွန်တော် ပြောတဲ့အခါ လူငယ်ကစားသမားတွေချည်းပဲ မဟုတ်ပါဘူး၊ အတွေ့အကြုံရှိ ကစားသမားအချို့လည်း ပါဝင်ပါတယ်။ သူတို့ထဲကနေ အကောင်းဆုံးကို ဘယ်လို ထုတ်ယူမလဲဆိုတာ တွေးရမှာပါ" "ဥပမာပြောရရင် ဒိုမီနစ် ဆိုလန်ကီ ပါ။ ကျွန်တော်က သူ့ရဲ့ စွမ်းရည်တွေကို အရမ်းနှစ်သက်ပါတယ်။ ကျွန်တော်တို့ သူ့ကို ဂိုးတွေ အများကြီး သွင်းနိုင်အောင် လုပ်ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ ရိုဒရီဂို ဘန်တန်ကာ ကို ဘယ်လို ကစားခိုင်းမလဲ။ ဂျိမ်းစ် မက်ဒီဆန် ကိုရော ဘယ်လို ကစားခိုင်းမလဲပေါ့"

"ဒါပေမဲ့ လူငယ်တွေလည်း ပါဝင်ပါတယ်။ ဒါက ကျွန်တော်တို့ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့နဲ့ အမြင့်ဆုံးအဆင့်မှာ စွမ်းဆောင်ရည် ပြသနိုင်အောင် လုပ်ရမယ့် ကစားသမားတွေ အကုန်ပါပဲ။ ဒါပေမဲ့ လူးကပ်စ်၊ အာချီ၊ ဝီလ်ဆင်၊ ဒက်စတီနီ အူဒိုဂီ၊ သူတို့အားလုံးမှာ အလားအလာတွေ အများကြီး ရှိပါတယ်"

"ကျွန်တော် မပြောရသေးတဲ့သူတွေတောင်ကျန်အုံးမှာပါ အသင်းတစ်သင်းလုံး ကောင်းကောင်းလုပ်နိုင်ပါတယ်။ ကျွန်တော်က ဘယ်လိုပြောရမလဲ။ အမြဲတမ်း အနိုင်ရဖို့ပါပဲ" 'ကျွန်တော်တို့ အသင်းကို စနေနေ့၊ အင်္ဂါနေ့၊ ပြီးရင် စနေနေ့နဲ့ ဗုဒ္ဓဟူးနေ့တွေမှာ အနိုင်ရအောင် လုပ်ဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ ကစားသမားတစ်ဦးချင်းစီကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့လည်း ပါဝင်ပါတယ်"

"ဒါက ကျွန်တော်နဲ့ ကျွန်တော့် ဝန်ထမ်းတွေ၊ ပြီးတော့ ကစားသမား၊ နေ့စဉ်နဲ့အမျှ အဲဒီအကြောင်းကို ဘယ်လို အတူတူ လုပ်ဆောင်မလဲဆိုတာပါပဲ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးပြီး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ရင် အသင်းက တိုးတက်လာပြီး ပိုကောင်းတဲ့ စွမ်းဆောင်ရည် ပြသနိုင်မှာဖြစ်ပြီး ပွဲစဉ်တွေ ပိုအနိုင်ရဖို့ အခွင့်အရေး ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်" လို့ နည်းပြသစ်က ပြောပါတယ်။

မြောက်လန်ဒန် အခြေစိုက် အသင်းက ပြီးခဲ့တဲ့ ရက်သတ္တပတ်တုန်းက ပထမဆုံး အပြောင်းအရွှေ့ လုပ်ငန်းကို အပြီးသတ်ခဲ့ပြီး မာတီ တဲလ်ကို ကနဦး အငှားစာချုပ်ချုပ်ဆိုခဲ့ပြီးနောက် အပြီးသတ် ခေါ်ယူခဲ့ပါတယ်။ "တဲလ် နဲ့ အပြီးသတ်စာချုပ် ချုပ်ဆိုနိုင်ခဲ့တာကို ကျွန်တော် အရမ်းကို စိတ်လှုပ်ရှားပါတယ်" လို့ ဖရန့်ခ်က ပြင်သစ်ကစားသမားအကြောင်း ပြောကြားခဲ့ပါတယ်။

"သူက ရှေ့တန်း လေးနေရာလုံးမှာ ကစားနိုင်တဲ့ အရမ်းကို အရည်အချင်းရှိတဲ့ ကစားသမားတစ်ဦးလို့ ကျွန်တော် ထင်ပါတယ်" "သူက ဂိုးသွင်းကောင်းတဲ့ ကစားသမားတစ်ဦးပါ သူ့ကို ကျွန်တော်တို့ ထပ်ပြီး ဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်ပါတယ်။ သူ့ရဲ့ ဘက်စုံစွမ်းရည်မှာ ပိုမို တည်ငြိမ်လာအောင် လုပ်နိုင်ပြီး ဘောက်စ် ထဲမှာ မှန်ကန်တဲ့ နေရာတွေကို ရောက်အောင် ပိုမို တည်ငြိမ်အောင် လုပ်နိုင်ပါတယ်။ ကျွန်တော်က အဲ့ဒါကို မျှော်လင့်နေပါတယ်" လို့ ပြောပါတယ်။