ရေးဗားပလိတ်သို့ပြောင်းရွှေ့ဖို့ ကြန့်ကြာဦးမယ့် တိုရီနိုတိုက်စစ်မှူး ဆီမြွန်နီ
တိုရီနိုအသင်းရဲ့ တိုက်စစ်မှူး ဂျီယိုဗာနီ ဆီမြွန်နီဟာ အခုလောလောဆယ် အီတလီမြေကနေ ထွက်ခွာဖို့ အဆင်သင့်မဖြစ်သေးပါဘူး။ ဆီမြွန်နီကို လာမယ့် နွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ ခေါ်ယူဖို့ ရေးဗားပလိတ်အသင်းက ပစ်မှတ်ထားနေတာပါ။ ဒါပေမဲ့ La Stampa သတင်းစာရဲ့ ဖော်ပြချက်အရ ချိုလီတိုလို့ လူသိများတဲ့ ဆီမြွန်နီဟာ သူ့ရဲ့အစီအစဉ်တွေကို ပြန်လည်စဉ်းစားနေပြီး တိုရီနိုမှာပဲ နောက်ထပ်တစ်ရာသီ ဆက်နေဖို့ ပိုပြီးဆန္ဒရှိနေပါတယ်။ ဆီမြွန်နီဟာ နည်းပြဟောင်း မာကိုဘာရိုနီ လက်ထက်မှာရော အခုလက်ရှိ နည်းပြ ရော်ဘာတို ဒီအာဗာဆာ လက်ထက်မှာပါ အသင်းရဲ့ အဓိကတိုက်စစ်မှူးအဖြစ် ခြေစွမ်းပြနေသူလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဒီတိုက်စစ်မှူးဟာ သူ့ရဲ့ကစားသမားဘဝ အခုလိုအချိန်မျိုးမှာ အာဂျင်တီးနားကို ပြန်တာထက် တိုရီနိုမှာပဲ ဆက်နေဖို့ကို ပိုပြီး သဘောကျနေတာ ဖြစ်ပါတယ်။