The network connection is lost.

Banner Image

ပရီးမီးယားလိဂ်ဆီ ပထမဆုံးအကြိမ် တန်းတက်လာခဲ့တဲ့ လူတန်တောင်းအသင်း သမိုင်းကြောင်း

လူတန်တောင်းက ဘက်ဖို့ဒ်ရှိုင်းယားဒေသ၊ လူတန်မြို့မှာ အခြေစိုက်တဲ့ အင်္ဂလန်ပရော်ဖက်ရှင်နယ် ဘောလုံးကလပ်အသင်းတစ်ခု ဖြစ်ပါတယ်။

လူတန်တောင်းအသင်းရဲ့သမိုင်းကြောင်းဖြတ်သန်းမှုကို ပြန်လည်ကြည့်ရှုမယ်ဆိုရင် အနိမ့်အမြင့်အတက်အကျတွေနဲ့ ပြည့်နှက်နေတာကို မြင်တွေ့ရမှာပါ။ လက်ရှိကာလမှာတော့ လူတန်တောင်းက အင်္ဂလန်ဘောလုံးလောကရဲ့ အဆင့်အမြင့်ဆုံးလိဂ်ဆီ တရားဝင်ရောက်ရှိလာခဲ့ပြီး လာမယ့် ၂၀၂၃-၂၀၂၄ ဘောလုံးရာသီ၊ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရှိနေပါတယ်။

လူတန်တောင်းအသင်းကို ၁၈၈၅ ခုနှစ်၊ ဧပြီ ၁၁ ရက်မှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။ လူတန်တောင်းအသင်း မဖြစ်ပေါ်လာခင်အချိန်အထိ လူတန်မြို့မှာ ဘောလုံးကလပ်အသင်းများစွာ ရှိခဲ့ရာ လူတန်ဝမ်ဒါးရားစ်နဲ့ လူတန်အိတ်ဆယ်စီယာတို့လို မြို့ခံကလပ်အသင်းတွေကတော့ ထင်ရှားပါတယ်။

တစ်နေ့မှာတော့ လူတန်ဝမ်ဒါးရားစ်ကစားသမားတစ်ဦးဖြစ်တဲ့  ဂျော့ဒေကွန်က ကိုယ့်ရပ်ကိုယ့်ရွာကိုယ့်ဒေသမှာရှိတဲ့ အကောင်းဆုံး ကစားသမားတွေနဲ့ဖွဲ့စည်းထားတဲ့ မြို့ခံကလပ်အသင်းတစ်ခုကို ဖွဲ့စည်းဖို့ စိတ်ကူးလာပါတယ်။ တဖက်မှာလည်း လူတန်ဝမ်ဒါးရားစ်အတွင်းရေးမှူး စပတ်တလေက ဒေကွန်ရဲ့အကြံဉာဏ်ကို သိရှိခဲ့ပြီး ၁၈၈၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း စာသင်ကျောင်းတစ်ခုမှာ အသင်းကော်မတီလျှို့ဝှက်အစည်းအဝေးတစ်ခုပြုလုပ်ဖို့ စီစဉ်ခဲ့ပါတယ်။ ဒီလျှို့ဝှက်အစည်းအဝေးကနေပဲ လူတန်ဝမ်ဒါးရားစ်ရဲ့အမည်ကို လူတန်တောင်းအဖြစ်ပြောင်းလဲဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမယ့် အခုလိုအမည်ပြောင်းလဲမှုကို မြို့ခံလူထုက ကောင်းကောင်းမသိရသေးပါဘူး။ နောက်ပိုင်းမှာ ဒေသတွင်းသတင်းစာတွေက လူတန်ဝမ်းဒါးရားစ်ကို လူတန်တောင်းလို့ ဖော်ပြရေးသားခဲ့ပါတယ်။

၁၈၈၅ ခုနှစ်၊ ဧပြီ ၁၁ ရက်မှာတော့ ဂျော့ဒေကွန်နဲ့ ချားစ်လိုမက်တို့က လူတန်တောင်းဘောလုံးအသင်း တည်ထောင်ဖို့ ရည်ရွယ်ချက်နဲ့ မြို့ခံဘောလုံးချစ်ပရိသတ်တွေ တက်ရောက်မယ့် လူထုအစည်းအဝေးတစ်ခု ခေါ်ယူခဲ့ချိန် စပတ်တလေက လူတန်တောင်းအသင်း ဖွဲ့စည်းပြီးဖြစ်တယ်လို့ ပြောဆိုကာ ဂျော့ဒေကွန်တို့ရဲ့ကြိုးပမ်းမှုအပေါ် ကန့်ကွက်ခဲ့ပါတယ်။ ဒီလူထုအစည်းအဝေးမှာပဲ စပတ်တလေရဲ့ ဇန်နဝါရီလလျှို့ဝှက်အစည်းအဝေးအကြောင်းကို သိရှိလာခဲ့ပြီးနောက် မြို့ခံလူထုက စပတ်တလေရဲ့ကြိုးပမ်းမှုတွေအပေါ် မဲခွဲပယ်ချကာ ဂျော့ဒေကွန်တို့ရဲ့အစီအစဉ်အတိုင်း အခုကျွန်တော်တို့သိထားရတဲ့ လူတန်တောင်းကလပ်အသင်းကို တည်ထောင်ဖို့ အတည်ပြုဆုံးဖြတ်ခဲ့ပါတယ်။

အသင်းတည်ထောင်ပြီးနောက်ပိုင်း အစောပိုင်းကာလတွေမှာ လူတန်တောင်းက ခြေစမ်းပွဲတွေပဲ ယှဉ်ပြိုင်ကစားခဲ့ပါတယ်။ ဒါပေမယ့် အမျှော်အမြင်ကြီးမားတဲ့ အသင်းအုပ်ချုပ်မှုကော်မတီက ၁၈၉၀ ပြည့်နှစ်မှာ ကစားသမားသစ်သုံးဦးခေါ်ယူပြီး အသင်းအနာဂတ်အတွက် အကောင်းဆုံးစီမံပေးခဲ့ပါတယ်။ ဒီလိုမျိုး ကစားသမားသစ်သုံးဦးကို ခေါ်ယူနိုင်တာ အင်္ဂလန်တောင်ပိုင်းဒေသအတွင်းရှိ ကလပ်အသင်းတွေအနက် ပထမဆုံးကလပ်အသင်း ဖြစ်ပါတယ်။

၁၈၉၄ ခုနှစ်မှာ လူတန်တောင်းက တောင်ပိုင်းဒေသဆိုင်ရာဘောလုံးလိဂ်ပြိုင်ပွဲကို ပူးတွဲတည်ထောင်သူအဖြစ် ပါဝင်ခဲ့ပါတယ်။ တောင်ပိုင်းလိဂ်ပြိုင်ပွဲရဲ့ အဖွင့်ဘောလုံးရာသီနှစ်ရာသီဆက် လူတန်တောင်းက အမှတ်ပေးဇယား ဦးဆောင်သူ မီလ်ဝေါရဲ့နောက် ဒုတိယနေရာမှာ ရပ်တည်ခဲ့ပါတယ်။ ဒါပေမယ့် ရည်မှန်းချက်ကြီးမားတဲ့ လူတန်တောင်းအသင်းအကြီးအကဲတွေက ကလပ်အသင်းကို ဒီထက်ပိုမိုအောင်မြင်စေလိုခဲ့ပြီး အင်္ဂလန်ဘောလုံးလိဂ်မှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိဖို့ လျှောက်ထားခဲ့ပါတယ်။

လူတန်တောင်းရဲ့ကနဦးလျှောက်ထားမှုက မအောင်မြင်ခဲ့ဘဲ အသင်းကို အပျော်တန်းလိဂ်မှာပဲ တစ်ရာသီ ဆက်ကစားခဲ့ရပါတယ်။ ၁၈၉၇ ခုနှစ်မှာတော့ အင်္ဂလန်ဘောလုံးလိဂ်(ဒုတိယတန်း)အမှတ်ပေးပြိုင်ပွဲမှာ လူတန်တောင်းတို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိလာခဲ့ပါတယ်။ ကံမကောင်းစွာနဲ့ဘဲ အင်္ဂလန်ဘောလုံးလိဂ်(ဒုတိယတန်း)အမှတ်ပေးပြိုင်ပွဲမှာ သုံးနှစ်လောက် ရုန်းကန်ခဲ့ရပြီးနောက် လူတန်တောင်းက တောင်ပိုင်းဒေသဆိုင်ရာဘောလုံးလိဂ်နဲ့ ပြန်လည်လက်တွဲဖို့ ရဲရဲဝံ့ဝံ့ဆုံးဖြတ်ခဲ့ပါတယ်။

၁၉၂၀ ခုနှစ်မှာတော့ တောင်ပိုင်းဒေသဆိုင်ရာဘောလုံးလိဂ်ပြိုင်ပွဲကို အင်္ဂလန်ဘောလုံးလိဂ်(တတိယတန်း) အမှတ်ပေးပြိုင်ပွဲအသစ်အဖြစ် ပြောင်းလဲဖွဲ့စည်းခွင့် ပေးအပ်ခဲ့ပါတယ်။ ၁၉၃၀ ပြည့်နှစ်ကျော်ကာလတွေမှာ လူတန်မြို့ခံလူဦးရေတိုးတက်များပြားလာတာနဲ့အမျှ အသင်းရဲ့ပရိသတ်ဦးရေ တိုးပွားလာခဲ့ပြီး ကလပ်အသင်းဘုတ်အဖွဲ့ရဲ့ အသင်းအတွက် ငွေကြေးသုံးစွဲပေးမှုကလည်း ပိုမိုတိုးတက်များပြားလာခဲ့ပါတယ်။ အခုလိုဆုံးဖြတ်ချက်ချမှတ်ခဲ့မှုနဲ့အတူ ကလပ်အသင်းရဲ့ကွင်းတွင်းကွင်းပြင်အောင်မြင်မှုတွေလည်း တိုးတက်လာခဲ့ပြီး မျှော်မှန်းထားတဲ့အတိုင်း ပရိသတ်ဦးရေလည်း တိုးတက်လာခဲ့ပါတယ်။

၁၉၃၆ ခုနှစ်မှာတော့ လူတန်တောင်းက အင်္ဂလန်ဘောလုံးလိဂ်(ဒုတိယတန်း)အမှတ်ပေးပြိုင်ပွဲဆီ တန်းတက်နိုင်ဖို့ လက်မတင်လေးလွဲချော်သွားခဲ့ပါတယ်။ နောက်ဘောလုံးရာသီမှာတော့ လူတန်တောင်းတို့ အင်္ဂလန်ဘောလုံးလိဂ်(တတိယတန်း)ချန်ပီယံအဖြစ် နောက်တစ်ဆင့် တန်းတက်နိုင်ခဲ့ပါတယ်။

၁၉၅၅ ခုနှစ်မှာ လူတန်တောင်းအသင်း အင်္ဂလန်ဘောလုံးလိဂ်(ပထမတန်း)အမှတ်ပေးပြိုင်ပွဲဆီ တန်းတက်လာနိုင်ကာ ငါးရာသီကြာ အကောင်းဆုံးပုံစံတွေနဲ့ ဖြတ်သန်းပြီး ၁၉၅၉ ခုနှစ် အက်ဖ်အေဖလားဗိုလ်လုပွဲအဆင့်ထိ တက်ရောက်နိုင်ခဲ့ပါတယ်။ ၁၉၆၅ ခုနှစ်အရောက်မှာတော့ လူတန်တောင်းတို့ အင်္ဂလန်ဘောလုံးလိဂ်(စတုတ္ထတန်း)အမှတ်ပေးပြိုင်ပွဲအထိ တန်းဆင်းခဲ့ရပေမယ့် ဆယ်နှစ်အတွင်း ပထမတန်းဆီ တန်းတက်နိုင်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ရာသီမှာပဲ လူတန်တောင်းတို့ တန်းပြန်ဆင်းခဲ့ရပါတယ်။

နောက်နှစ်အနည်းငယ်အကြာမှာပဲ လူတန်တောင်းတို့ကို အင်္ဂလန်ဘောလုံးလောကရဲ့အမြင့်ဆုံးအမှတ်ပေး ပြိုင်ပွဲဆီ ပြန်လည်ရောက်ရှိလာပါ။ အသင်းဂန္တဝင်နည်းပြဒေးဗစ်ပလတ်ရဲ့ဦးဆောင်မှုနဲ့ ၁၉၈၃ ခုနှစ်မှာ အင်္ဂလန်ဘောလုံးလိဂ်(ဒုတိယတန်း)ပြိုင်ပွဲရဲ့ချန်ပီယံအဖြစ် နောက်တစ်ဆင့်ဆီ တန်းတက်လာခဲ့တာပါ။

လူတန်တောင်းအသင်း ပရိသတ်ကြီးအတွက် အမှတ်တရအဖြစ်ဆုံးနေ့ရက်တော့ ၁၉၈၈ ခုနှစ်၊ ဧပြီ ၂၄ ရက်ပဲ ဖြစ်နေပါလိမ့်မယ်။ ဒီနေ့ရက်မှာပဲ အသင်းသမိုင်းတလျှောက် ပထမဆုံးမေဂျာဆုဖလားအောင်မြင်မှုအဖြစ် အာဆင်နယ်ကိုအနိုင်ယူပြီး ကာရာဘောင်ဖလားကို ဗိုလ်စွဲခဲ့ပါတယ်။

နောက်ရာသီမှာလည်း ကာရာဘောင်ဖလားဗိုလ်လုပွဲဆီ လူတန်တောင်းတို့ တက်ရောက်နိုင်ခဲ့ပေမယ့် နော်တင်ဟမ်ဖောရက်စ်ကို အရေးနိမ့်ခဲ့လို့ ဆုဖလားလက်လွှတ်ပေးခဲ့ရပါတယ်။ ဒီလိုအောင်မြင်မှုတွေရယူနိုင်ခဲ့ပေမယ့် ၁၉၉၁-၁၉၉၂ ဘောလုံးရာသီမှာ လူတန်တောင်းတို့ နောက်တစ်ကြိမ် တန်းပြန်ဆင်းခဲ့ရပါတယ်။ နောက်လေးနှစ်အကြာ အင်္ဂလန်ဘောလုံးလိဂ်(တတိယတန်း)ပြိုင်ပွဲမှာ ပြိုင်ပွဲဝင်ကလပ်အသင်းတစ်ခုအဖြစ် လူတန်တောင်းကို မြင်တွေ့ခဲ့ရပါတယ်။ နောက်ပိုင်းဘောလုံးရာသီတွေမှာတော့ လူတန်တောင်းကို အင်္ဂလန်အောက်တန်းလိဂ်ပြိုင်ပွဲတွေမှာပဲ မြင်တွေ့ခဲ့ရပါတယ်။

၂၀၁၃-၂၀၁၄ ဘောလုံးရာသီမှာတော့ လူတန်တောင်းတို့ နေးရှင်နယ်လိဂ်ပြိုင်ပွဲမှတဆင့် လိဂ်တူးဆီ တန်းတက်နိုင်ခဲ့ပါတယ်။ ဒီနောက်ပိုင်းမှာလည်း လူတန်တောင်းအသင်းသားတွေက နောက်တစ်ဆင့်ဆီ တန်းတက်နိုင်ဖို့ ဆက်လက်ကြိုးစားခဲ့ရာ ၂၀၁၇-၂၀၁၈ ဘောလုံးရာသီမှာတော့ အက်ကရင်တန်ရဲ့နောက် ဒုတိယနေရာရရှိကာ လိဂ်ဝမ်းဆီ ဆက်လက်တန်းတက်ခဲ့ပြန်ပါတယ်။

အောင်မြင်မှုတွေကတော့ ဆက်တိုက်ဆိုသလိုပါပဲ။ ၂၀၁၈-၂၀၁၉ ဘောလုံးမှာ လူတန်တောင်းက လိဂ်ဝမ်းချန်ပီယံအဖြစ် ချန်ပီယံရှစ်ဆီ တန်းတက်လာခဲ့ပါတယ်။ ၂၀၂၂-၂၀၂၃ ဘောလုံးရာသီချန်ပီယံရှစ်ပြိုင်ပွဲမှာ လူတန်တောင်းတို့ တန်းတက်Play-off ကစားခွင့်ရရှိခဲ့ပြီး ပြိုင်ဘက်တွေကို အနိုင်ယူကျော်ဖြတ်နိုင်ခဲ့တာကြောင့် အသင်းသမိုင်းတလျှောက် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပထမဆုံးအကြိမ်ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိလာခဲ့ပါတယ်။

လူတန်တောင်းရဲ့အမြင့်ပျံခရီးစဉ်က ဘယ်အထိပေါက်ရောက်ဦးမလဲဆိုတာ ပရိသတ်ကြီးနဲ့အတူ စောင့်ကြည့်သွားရပါမယ်။