The network connection is lost.

Banner Image

ဘယ်နောက်ခံလူမပါဘဲ ရာသီကုန်အထိ ဖြတ်သန်းသွားရတော့မယ့် တန်ဟက်ရဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်က အသင်းရဲ့ဘယ်နောက်ခံကစားသမားတွေဖြစ်တဲ့ လုခ်ရှော၊ တိုင်ရဲလ်မာလာစီယာတို့ဟာ ဒဏ်ရာကနေသက်သာခြင်းမရှိသေးဘဲ ရာသီကုန်အထိ အနားယူရမှာဖြစ်တာကြောင့် သူ့ရဲ့အသင်းဟာ ဘယ်နောက်ခံစစ်စစ်ကစားသမားမပါဝင်ဘဲ လက်ကျန်ပွဲစဉ်တွေကို ကစားသွားရမှာဖြစ်တယ်လို့ ဖွင့်ဟပြောကြားလာခဲ့ပါတယ်။

ယူနိုက်တက်ဟာ ရာသီအစကတည်းက ဘယ်နောက်ခံနေရာမှာ ပြဿနာရှိနေတာကြောင့် တော့တင်ဟမ်မှ ဆာဂျီယို ရီဂူလွန်ကို ပထမရာသီဝက်အငှားစာချုပ်နဲ့ခေါ်ယူခဲ့ရတာဖြစ်ပြီး ဇန်နဝါရီလမှာတော့ ကစားသမားက မိခင်ကလပ်ကိုပြန်သွားခဲ့တာဖြစ်ပါတယ်။ ထို့နောက်မှာတော့ ယူနိုက်တက်ဘယ်နောက်ခံနေရာကို လုခ်ရှောက ဆက်တိုက်ပွဲထွက်ကစားခဲ့ရပြီး အခုချိန်မှာတော့ ဒဏ်ရာရသွားခဲ့တာဖြစ်ပါတယ်။

နောက်ထပ် ဘယ်နောက်ခံကစားသမားတစ်ဦးဖြစ်တဲ့ မာလာစီယာကလည်း ပြီးခဲ့တဲ့ နွေရာသီမှာ ရရှိခဲ့တဲ့ ဒူးဒဏ်ရာကြောင့် အနားယူနေရပြီး ဒီရာသီမှာ ပါဝင်ကစားနိုင်ဖို့ မဖြစ်နိုင်တဲ့အခြေအနေမှာရှိနေပါတယ်။ ဘယ်နောက်ခံစစ်စစ်မရှိတော့တဲ့ အချိန်မှာတော့ တန်ဟက်က ဗဟိုခံစစ်ကစားသမားဖြစ်တဲ့ ဗစ်တာလင်ဒီလော့ဖ်နဲ့ ကွင်းလယ်လူ ဆိုဖီယန်အမ်မရာဘတ်တို့ကို ဘယ်နောက်ခံနေရာမှာ ကစားစေခဲ့သော်လည်းထင်သလောက်အလုပ်မဖြစ်ခဲ့ပါဘူး။

ယခုအခါ လုခ်ရှောနဲ့မာလာစီယာတို့အကြောင်းမေးမြန်းတဲ့အခါ တန်ဟက်က “ဒါက ကျွန်တော့်ရဲ့ အကြီးမားဆုံးစိတ်ပျက်စရာတွေထဲက တစ်ခုပါ။ ကစားသမားတစ်ယောက်ကို အသုံးမပြုနိုင်တာလက်ခံပေမယ့် အခုလို ၂ ယောက်စလုံးကို မသုံးနိုင်တာကတော့ စိတ်ပျက်စရာပါ။ ဒါကိုကိုင်တွယ်ဖြေရှင်းနိုင်ဖို့ကမလွယ်ပါဘူး။ ကျွန်တော်တို့ အသင်းလိုက်ကစားပုံကို ပိုပြီးအလေးထားတာကြောင့် ဒါဟာ အားနည်းချက်တစ်ခုလိုဖြစ်နေမှာပါ” လို့ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ဇန်နဝါရီမှာ ရီဂူလွန်ကိုဘာကြောင့် တော့တင်ဟမ်ကို ပြန်ပို့ခဲ့တာလဲလို့ မေးမြန်းခဲ့ရာ တန်ဟက်က “အသင်းရဲ့ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေက ရှောနဲ့ မာလာစီယာတို့ ၂ ဦးစလုံးက ဇန်နဝါရီမှာ ပြန်ကစားနိုင်မယ်လို့ အာမခံထားတာကြောင့် ကျွန်တော့်မှာ ဘယ်နောက်ခံကစားသမား ၂ ယောက်ရှိနေရင် လုံလောက်တယ်လို့ယူဆပြီး တတိယတစ်ယောက်ကို ပြန်ပို့ခဲ့တာပါ” လို့ဖြေကြားခဲ့ပါတယ်။ မာလာစီယာဟာ ပြီးခဲ့တဲ့နှစ် မေလကတည်းက ယူနိုက်တက်အတွက် ပါဝင်ကစားခွင့်မရသေးသလို လုခ်ရှောကလည်း ဒီရာသီမှာ ပြိုင်ပွဲစုံ ၁၅ ပွဲသာ ပါဝင်ခွင့်ရထားတာဖြစ်ပါတယ်။

ဆက်လက်ပြီးတန်ဟက်က “ဒီရာသီက မာလာစီယာအတွက်တော့ ခက်ခဲတဲ့ရာသီတစ်ခုပါပဲ။ ဒါပေမယ့် သူတိုက်ပွဲဝင်ပြီး ကွင်းထဲကိုပြန်ရောက်လာမှာပါ။ သူတကယ်ကို ဖြည်းဖြည်းချင်းရှေ့ဆက်သွားနေပါတယ်။ ရှောကတော့ ရာသီပိတ်ပွဲစဉ်တွေမှာပဲ ပြန်ကစားနိုင်ဖို့ရှိပါတယ်။ သူက ဒီလ ဒါမှမဟုတ် နောက်လမှာလည်းကစားနိုင်ဖို့ အလားအလာမရှိပါဘူး” လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။