ရီဂူလွန်နဲ့ အငှားစာချုပ် အဆုံးသတ်ခဲ့တဲ့အကြောင်းအရင်းကို ရှင်းပြလာတဲ့ တန်ဟက်
မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်က တော့တင်ဟမ်ကနေအငှားနဲ့ခေါ်ယူခဲ့တဲ့ ဘယ်နောက်ခံလူ ဆာဂျီယိုရီဂူလွန်ကို ဒုတိယရာသီဝက် ဆက်လက်အသုံးပြုခြင်းမရှိဘဲ ပထမရာသီဝက်အပြီးမှာပဲ အငှားစာချုပ်ကို ဘာကြောင့်အဆုံးသတ်ခဲ့လဲလိုဆိုတာ ရှင်းပြလာခဲ့ပါတယ်။
တန်ဟက်က ကလပ်ရဲ့ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေဟာ ဇန်နဝါရီလမှာ ဘယ်နောက်ခံလူတွေဖြစ်တဲ့ လုခ်ရှောနဲ့ တိုင်ရဲမာလာစီယာတို့က ပြန်လည်ကစားနိုင်မယ်လို့ အသိပေးခဲ့တာကြောင့် ရီဂူလွန်ကို မိခင်ကလပ် တော့တင်ဟမ်ထံ ပြန်လည်စေလွှတ်ဖို့ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။
ယခုရာသီမှာ ယူနိုက်တက်ရဲ့ဘယ်နောက်ခံလူ မာလာစီယာက ဒူးဒဏ်ရာကြောင့် ကာလရှည်အနားယူနေခဲ့ရပြီး နောက်ထပ်ဘယ်နောက်ခံလူတစ်ဦးဖြစ်တဲ့ လုခ်ရှောကလည်း တံကောက်ကြောဒဏ်ရာကြောင့် ရာသီကုန်အထိအနားယူရဖို့ရှိနေတာဖြစ်ပါတယ်။
ဒါကြောင့် တန်ဟက်ဟာ ယူနိုက်တက်ရဲ့လက်ကျန်ရာသီပွဲစဉ်တွေကို ဘယ်နောက်ခံလူ စစ်စစ်မပါဝင်ဘဲ ဖြတ်သန်းသွားရမှာဖြစ်ပြီး နယ်သာလန်သားက ဒီလိုအခြေအနေဟာ စိတ်ပျက်စရာအကောင်းဆုံးအခြေအနေတွေထဲကတစ်ခုဖြစ်တယ်လို့ ဖော်ပြခဲ့တာဖြစ်ပါတယ်။
တန်ဟက်က “ဒါက ကျွန်တော့်ရဲ့ အကြီးမားဆုံးစိတ်ပျက်စရာတွေထဲက တစ်ခုပါ။ ကစားသမားတစ်ယောက်ကို အသုံးမပြုနိုင်တာလက်ခံပေမယ့် အခုလို ၂ ယောက်စလုံးကို မသုံးနိုင်တာကတော့ စိတ်ပျက်စရာပါ။ ဒါကိုကိုင်တွယ်ဖြေရှင်းနိုင်ဖို့ကမလွယ်ပါဘူး။ ကျွန်တော်တို့ဟာ အသင်းလိုက်ကစားပုံကို ပိုပြီးအလေးထားတာကြောင့် ဒါဟာ အားနည်းချက်တစ်ခုလိုဖြစ်နေမှာပါ” လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ဇန်နဝါရီမှာ ရီဂူလွန်ကိုဘာကြောင့် တော့တင်ဟမ်ကို ပြန်ပို့ခဲ့တာလဲလို့ မေးမြန်းခဲ့ရာ တန်ဟက်က “အသင်းရဲ့ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေက ရှောနဲ့ မာလာစီယာတို့ ၂ ဦးစလုံးက ဇန်နဝါရီမှာ ပြန်ကစားနိုင်မယ်လို့ အာမခံထားတာကြောင့် ကျွန်တော့်မှာ ဘယ်နောက်ခံကစားသမား ၂ ယောက်ရှိနေရင် လုံလောက်တယ်လို့ယူဆပြီး တတိယတစ်ယောက်ကို ပြန်ပို့ခဲ့တာပါ” လို့ဖြေကြားခဲ့ပါတယ်။ မာလာစီယာဟာ ပြီးခဲ့တဲ့နှစ် မေလကတည်းက ယူနိုက်တက်အတွက် ပါဝင်ကစားခွင့်မရသေးသလို လုခ်ရှောကလည်း ဒီရာသီမှာ ပြိုင်ပွဲစုံ ၁၅ ပွဲသာ ပါဝင်ခွင့်ရထားတာဖြစ်ပါတယ်။
ဆက်လက်ပြီးတန်ဟက်က “ကျွန်တော်တို့ ဒီပြဿနာကို တတ်နိုင်သလောက် ကိုင်တွယ်ဖြေရှင်းနေပေမယ့် ခက်ခဲတဲ့အရာတစ်ခုပါ။ ကျွန်တော်တို့ရဲ့ ဘယ်နောက်ခံနေရာက ရာသီတစ်ခုလုံးနီးပါး ဒဏ်ရာ ၂ ခုရှိနေခဲ့တာပါ။ လီဗာပူးကလည်း ကျွန်တော်တို့နဲ့တစ်ပုံစံတည်းဖြစ်ခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့ရာသီက သူတို့လည်း ဒီလိုဖြစ်ခဲ့ပြီး မဖြေရှင်းနိုင်ခဲ့ကြပါဘူး” လို့ပြောကြားခဲ့ပါတယ်။