
မိုနာကိုအသင်းမှာ ခြေစွမ်းပြနေတဲ့ အာဆင်နယ်တိုက်စစ်မှူးဟောင်း
အာဆင်နယ်တိုက်စစ်မှူးဟောင်း မီကာဘီရက်ခ်တစ်ယောက် မိုနာကိုအသင်းထံပြောင်းရွှေ့ပြီးနောက် ၇ ပွဲမှာတင် တတိယမြောက်ဟက်ထရစ်သွင်းယူကာ ခြေစွမ်းပြနေပါတယ်။သောကြာနေ့ညနေခင်းတုန်းက စတာဒီရင်းစ်အသင်းကို ၃ ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲမှာ ဘီရက်ခ်က ဟက်ထရစ်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။
အသက် ၂၂ နှစ်သားဟာ ဇန်နဝါရီတုန်းက Sturm Graz အသင်းကနေ မိုနာကိုအသင်းထံပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ဟက်ထရစ် ၃ ကြိမ်အပြင် ပြိုင်ပွဲစုံ ၁၀ ဂိုးအထိသွင်းယူထားနိုင်ခဲ့ပါတယ်။ ပွဲအပြီးမှာ ဘီရက်ခ်က သူ့အနေနဲ့ အချိန်ယူရဦးမယ်လို့ ဝန်ခံခဲ့သလို လက်ရှိစွမ်းဆောင်ရည်ကို ကျေနပ်မိတယ်လို့ ပြောကြားခဲ့ပါတယ်။
“တကယ်ကောင်းတဲ့ညတစ်ညပါ။ ဒါပေမယ့် ၃ မှတ်ပြည့်ရဖို့က အရေးအကြီးဆုံးပါ။ကျွန်တော် ဟက်ထရစ်အသစ်နဲ့ပတ်သက်ပြီး ဘာဖြစ်လဲဆိုတာကို အပြည့်အဝနားမလည်သေးပါဘူး။ ပွဲတိုင်းကို ဂိုးသွင်းနိုင်ဖို့ ချဉ်းကပ်ခဲ့သလို အသင်းဖော်တွေကလည်း နေရာကောင်းရအောင် ကူညီပေးပါတယ်။ ကျွန်တော့်အတွက် အဲ့တာက အဆင်ပြေခဲ့ပြီး ဒီနေ့မှာလည်း ကောင်းကောင်းအလုပ်ဖြစ်ခဲ့ပါတယ်”လို့ ဘီရက်ခ်က ပြောကြားခဲ့ပါတယ်။
ဘီရက်ခ်ဟာ ၂၀၂၁ တုန်းက အာဆင်နယ်အကယ်ဒမီကိုပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ဖူလ်ဟမ် ၊ RKC ၊ မားသားဝဲလ်စတဲ့အသင်းတွေမှာ အငှားကစားခဲ့ပါတယ်။ အဲ့နောက် Sturm Graz အသင်းထံအပြီးသတ်ပြောင်းရွှေ့ခဲ့ပြီး အခုမိုနာကိုအသင်းထံပြောင်းရွှေ့ခဲ့ပါတယ်။ အာဆင်နယ်ကတော့ မကြာသေးခင်က တိုက်စစ်ပိုင်းပြဿနာကြောင့် ရုန်းကန်နေရပြီး ဘီရက်ခ်ရဲ့စွမ်းဆောင်ရည်ကို အာတီတာအနေနဲ့ နှမြောနေမိမှာ သေချာပါတယ်။
ဒိန်းမတ်သားဟာ လီဂူးဝမ်းပထမဆုံး ၇ ပွဲမှာ ဟက်ထရစ် ၃ ကြိမ်သွင်းယူနိုင်တဲ့ နှစ်ပေါင်း ၇၀ အတွင်း ပထမဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။ မိုနာကိုအသင်းဟာ လာမယ့်သောကြာနေ့မှာ တူးလော့စ်နဲ့ရင်ဆိုင်ရမှာဖြစ်ပြီး ဘီရက်ခ်က အခုစွမ်းဆောင်ရည်ကို ဆက်ထိန်းနိုင်ဖို့ မျှော်လင့်နေပါတယ်။ “ကျွန်တော် အသင်းအတွက် အလုပ်ကြိုးစားနေပါတယ်။ အဲ့နောက် လူရွေးချယ်တာကို ကျွန်တော် စောင့်ကြည့်ရမှာပါ။ ကျွန်တော် နိုင်ငံ ၄ နိုင်ငံကိုလှည့်လှည်ပြီးကတည်းက တိုးတက်မှုတွေရှိလာပါတယ်”လို့ ဘီရက်ခ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။