The network connection is lost.

Banner Image

ကယ်ဗင်ဖီးလစ်နေရာကို အစားထိုးနိုင်ဖို့ ရုန်းကန်နေရဆဲဖြစ်တယ်လို့ မဆီမဆိုင်ပြောကြားလာတဲ့ ဆောက်ဂိတ်

ယမန်နေ့ညက ဒိန်းမတ်ကို ၁-၁နဲ့ သရေကျပြီးနောက် အင်္ဂလန် လက်ရွေးစင်နည်းပြ ဂါရတ်ဆောက်ဂိတ်က အသင်းဟာ ကွင်းလယ်ခံစစ် ကယ်ဗင်ဖီးလစ်ရဲ့နေရာမှာ ကစားသမားသစ် အစားထိုးနိုင်ဖို့ ရုန်းကန်နေရဆဲဖြစ်တယ်လို့ ပြောကြားလာခဲ့ပါတယ်။ လက်ရှိ ယူရိုပြိုင်ပွဲအတွင်း ဆောက်ဂိတ်ဟာ ကယ်ဗင်ဖီးလစ်ရဲ့နေရာမှာ အလက်ဇန်းဒါးအာနိုးလ်ကို ထည့်သွင်းအသုံးပြုထားသော်လည်း ကစားသမားဟာ ခြေစွမ်းပြဖို့ ရုန်းကန်နေရပြီး ယမန်နေ့ညက ပွဲစဉ်မှာလည်း ကော်နာဂယ်လာဟာနဲ့ လူစားလဲခံခဲ့ရတာဖြစ်ပါတယ်။ 
 
ပွဲအပြီး အာနိုးလ်နဲ့ ပတ်သက်ပြီး မေးမြန်းမှုပြုလုပ်ခဲ့ရာမှာ ဆောက်ဂိတ်က “ကျွန်တော်တို့ သူ့ကိုအချိန်တစ်ခုတော့ပေးရပါဦးမယ်။ ဒါဟာ စမ်းသပ်မှုတစ်ခုဖြစ်ပြီး ကျွန်တော်တို့ အနေနဲ့ ကယ်ဗင်ဖီးလစ်နေရာမှာ ကွက်တိအစားထိုးနိုင်မယ့် ကစားသမားမရှိပါဘူး။ အခုတော့ တတ်နိုင်သလောက် လိုက်လျောညီထွေဖြစ်အောင် ကြိုးစားနေပေမယ့် ကျွန်တော်တို့လိုချင်တဲ့အတိုင်းအတာထိတော့ ခရီးမရောက်သေးပါဘူး”လို့ ပြောကြားခဲ့ပါတယ်။
 
ဖီးလစ်ရဲ့ အင်္ဂလန်ကစားသမားဘဝနောက်ဆုံးပွဲစဉ်ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက မြောက်မက်ဆီဒိုးနီးယားနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ယူရိုခြေစစ်ပွဲဖြစ်ပြီး အဆိုပါပွဲစဉ်မှာ ဆောက်ဂိတ်ရဲ့အသင်းဟာ နိုင်ပွဲမရခဲ့ဘဲ ၁-၁ နဲ့သရေကျခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ ကစားသမားဟာ မန်စီးတီးမှာ ပုံမှန်ပွဲထွက်ခွင့်မရခဲ့တာကြောင့် နောက်ပိုင်းမှာတော့ ဝက်စ်ဟမ်းသို့ အငှားစာချုပ်နဲ့ထွက်ခွာခဲ့ရပါတယ်။
 
ဆောက်ဂိတ်အနေနဲ့ ၂၀၂၂ ဇူလိုင်လမှာ လိဒ်ကနေ မန်စီးတီးသို့ပေါင် ၄၅ သန်းနဲ့ ရောက်ရှိလာခဲ့ပြီး ဒဏ်ရာနဲ့ရုန်းကန်နေရတဲ့ဖီးလစ်ကို အင်္ဂလန်အသင်းအတွက် အမြဲလိုလိုရွေးချယ်နေတာကြောင့် သစ္စာရှိလွန်းတယ်လို့ မကြာခဏဝေဖန်ခံခဲ့ရပါသေးတယ်။ ၂၀၂၃ ခုနှစ်အတွင်း ပရီးမီးယားလိဂ်ပထမရာသီဝက်မှာ ၄ ပွဲသာကစားခွင့်ခဲ့ပေမယ့် စက်တင်ဘာလနဲ့ နိုဝင်ဘာလအကြားမှာတော့ ကွင်းလယ်လူဟာ အင်္ဂလန်အတွက် ပွဲပေါင်းများစွာပါဝင်ကစားခဲ့တာဖြစ်ပါတယ်။
 
ဆောက်ဂိတ်အနေနဲ့ အာနိုးလ်ကို ကွင်းလယ်မှုစမ်းသပ်အသုံးပြုနေတယ်လို့ ပြောဆိုလိုက်ခြင်းက အနည်းငယ်အံ့အားသင့်စရာဖြစ်နေပြီး ကစားသမားဟာ လီဗာပူးအသင်းရဲ့ အဓိက ညာနောက်ခံကစားသမားအဖြစ် တစ်သက်လုံးကစားလာခဲ့သူဖြစ်ပါတယ်။ ဒါ့အပြင် ဆောက်ဂိတ်က အင်္ဂလန်အသင်းကြီးအနေနဲ့ ဖီးလစ်ရဲ့နေရာမှာ အခြားကစားသမား အစားမထိုးနိုင်သေးဘူးလို့ ပြောဆိုခဲ့တာကလည်း တကယ့်ကို အံ့အားသင့်စရာဖြစ်နေပါတယ်။
 
ပြိုင်ပွဲမစတင်မီမှာ အာနိုးလ်ကို ဒီကလန်ရိုက်စ်နဲ့ တွဲဖက်ပေးဖို့ အဆင်သင့်ရှိမရှိမေးမြန်းခဲ့ရာ ဆောက်ဂိတ်က “အဆင်သင့်ဖြစ်မယ်လို့ယုံကြည်ပါတယ်။ သူက ကျွန်တော်တို့လိုအပ်နေတဲ့ကွက်လပ်ကိုဖြည့်ပေးနိုင်ပြီး မတူညီတဲ့ ရှုထောင့်တွေကနေ အသင်းကို ကူညီနိုင်ပါလိမ့်မယ်။ ပြီးတော့ သူ့အနေနဲ့ သူ့ရဲ့အခန်းကဏ္ဍကို သေချာသိဖို့ အတော်လေးအင်အားစိုက်ထုတ်ထားပါတယ်။ အာနိုးလ်က ကမ္ဘာ့အဆင့်မီ ကစားသမားတစ်ဦးဖြစ်ပြီး ကျွန်တော်တို့ သူ့ကို ဒီနေရာမှာ ကစားခိုင်းဖို့ လွန်ခဲ့တဲ့ ၁၂ လလောက်ကတည်းက ပြင်ဆင်မှုတွေပြုလုပ်ခဲ့တာပါ”လို့ ဖြေကြားခဲ့ပါတယ်။