အင်္ဂလန်အသင်းအတွက်ကစားပေးဖို့ ငြင်းဆန်ခဲ့တဲ့ ကစားသမားရဲ့အမည်ကို ထုတ်ဖော်ပြောကြားလာတဲ့ ဆောက်ဂိတ်
အင်္ဂလန်အသင်းနည်းပြ ဂါရတ်ဆောက်ဂိတ်က အာဆင်နယ်အသင်းရဲ့ညာနောက်ခံလူ ဘန်ဝှိုက်ဟာ ဘရာဇီး၊ ဘယ်လ်ဂျီယံတို့နဲ့ ကစားမယ့်ခြေစမ်းပွဲစဉ်အတွက် အင်္ဂလန်လက်ရွေးစင်အသင်း လူစာရင်းမှာ သူ့ကိုထည့်သွင်းခြင်းမပြုဖို့ တောင်းဆိုခဲ့တယ်လို့ ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။
အင်္ဂလန်အသင်းဟာ ဂျာမနီမှာ ကျင်းပမယ့် ၂၀၂၄ ယူရိုပြိုင်ပွဲမတိုင်ခင်မှာ ချစ်ကြည်ရေးခြေစမ်းပွဲစဉ်တွေ အဖြစ် ဘရာဇီးနဲ့ ဘယ်လ်ဂျီယံတို့ကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး နည်းပြဆောက်ဂိတ်ဟာ အဲဗာတန်နောက်ခံလူ ဘရန့်ဝိတ်ကို စီနီယာအသင်းအတွက် ပထမဆုံးအကြိမ်ခေါ်ယူခြင်းအပါအဝင် စုစုပေါင်း ကစားသမား ၂၅ ဦးကိုရွေးချယ်ခဲ့ပြီဖြစ်ပါတယ်။
သို့သော်လည်း အာဆင်နယ်ညာနောက်ခံလူ ဘန်ဝှိုက်က လူစာရင်းမှာ ပါဝင်လာခြင်း မရှိတာကြောင့် မေးမြန်းမှုတွေပြုလုပ်ခဲ့ရာ ဆောက်ဂိတ်က “ကျွန်တော်တို့ ပြီးခဲ့တဲ့အပတ်က အာဆင်နယ်အသင်းရဲ့ အားကစားဒါရိုက်တာနဲ့ ဖုန်းပြောခဲ့ပြီး ဘန်ဝှိုက်က ဒီတစ်ခေါက် အင်္ဂလန်အသင်းအမှာ ပါဝင်ဖို့ဆန္ဒမရှိဘူးလို့ သိခဲ့ရပါတယ်။ ကျွန်တော့်အတွက်တော့ ဒီကိစ္စဟာ ရှက်စရာပါပဲ။ ကျွန်တော်တို့သူ့ကို ပြီးခဲ့တဲ့ ယူရိုပြိုင်ပွဲနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ရွေးချယ်ခဲ့ပါတယ်။ ပြီးတော့ ကမ္ဘာ့ဖလားမတိုင်ခင်မှာလည်း ကျွန်တော်ကိုယ်တိုင်သူ့ကို အသင်းမှာထည့်ချင်တယ်ဆိုတာကို ပြောခဲ့ပါတယ်။ သူက အခုအသင်းမှာမပါဝင်ချင်ဘူးဆိုပေမယ့် သူနဲ့ ကျွန်တော်တို့ကြားမှာ ဘာပြဿနာမှမရှိပါဘူး။ ပြီးတော့ အခြားနည်းပြအဖွဲ့ဝင်တွေနဲ့လည်း ပြဿနာမရှိပါဘူး။
ကျွန်တော်တို့က ရနိုင်တဲ့ကစားသမားစာရင်းကို ကျယ်ကျယ်ပြန့်ပြန့်လိုချင်ပြီး သူကမပါဝင်နိုင်ဘူးဆိုရင်တော့ ဘယ်သူကကူညီနိုင်မလဲ ရှာဖွေရမှာပါ” လို့ ပြောကြားခဲ့ပါတယ်။
အသက်-၂၆ နှစ်အရွယ် ဘန်ဝှိုက်ဟာ ၂၀၂၁ ခုနှစ်မှာ အင်္ဂလန်အသင်းအတွက် ပထဆုံးအကြိမ်ပါဝင်ကစားခဲ့ပြီး အခုချိန်မှာတော့ ပြိုင်ပွဲစုံ ၄ ပွဲကစားထားပါတယ်။ ကစားသမားဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်အသင်းရဲ့လူစာရင်းအတွက် ပါဝင်ခဲ့ပေမယ့် ကိုယ်ရေးကိုယ်တာကိစ္စတွေကြောင့် အသင်းရဲ့လူစာရင်းကနေ ထွက်ခွာခဲ့ပါတယ်။
၂၀၂၁ ခုနှစ်မှာ အာဆင်နယ်သို့ ပေါင်သန်း ၅၀ နဲ့ပြောင်းရွှေ့လာခဲ့တဲ့ ဘန်ဝှိုက်ဟာ ယမန်နေ့က အသင်းနဲ့ လေးနှစ်သက်တမ်းတိုး စာချုပ်သစ် ချုပ်ဆိုခဲ့ပါတယ်။ ကစားသမားဟာ အာတီတာရဲ့လက်အောက်မှာ အဓိက ကစားသမားအဖြစ် ရပ်တည်ထားနိုင်ပြီး ဒီရာသီမှာ အာဆင်နယ်အတွက် ပြိုင်ပွဲစုံ ၃၉ ပွဲအထိ ပါဝင်ကစားထားပါတယ်။