သူ့ရဲ့ဆုံးဖြတ်ချက်အပေါ် အိုင်ဗန်တိုနေး စိတ်ပျက်ခဲ့တယ်လို့ ဝန်ခံလာတဲ့ ဆောက်ဂိတ်
အင်္ဂလန်လက်ရွေးစင်နည်းပြ ဂါရတ်ဆောက်ဂိတ်က ယမန်နေ့ညက ဆလိုဗက်ကီးယားနဲ့ပွဲစဉ်မှာ အသင်းရဲ့တိုက်စစ်မှူး အိုင်ဗန်တိုနေးကို ပွဲပြီးကာနီး နာကျင်အချိန်ပိုမှသာ ထည့်သွင်းခဲ့တာကြောင့် ကစားသမားအနေနဲ့ သူ့ရဲ့ဆုံးဖြတ်ချက်အပေါ် စိတ်ပျက်ခဲ့တယ်လို့ ဝန်ခံပြောကြားလာခဲ့ပါတယ်။
အင်္ဂလန်ဟာ ဆလိုဗက်ကီးယားနဲ့ယှဉ်ပြိုင်ခဲ့တဲ့ ယူရို ၂၀၂၄ ရှုံးထွက် ၁၆ သင်းအဆင့်ပွဲစဉ်မှာ ခြေစွမ်းပိုင်းအတော်လေးညံ့ဖျင်းခဲ့ပြီး မိနစ် ၉၀ ကျော်အထိ ၁-၀ နဲ့ရှုံးနိမ့်နေခဲ့တာဖြစ်ပါတယ်။ သို့သော် ပွဲကစားချိန် ၉၀+၅ မိနစ်မှာတော့ ကွင်းလယ်လူ ဘယ်လင်ဟမ်က လှပတဲ့ဘိုင်စကယ်ကန်ချက်နဲ့အတူ ချေပဂိုးပြန်လည်သွင်းယူပေးခဲ့လို့ အချိန်ပိုအထိ အသက်ဆက်နိုင်ခဲ့ပါတယ်။
တိုနေးဟာ ယခုယူရိုပြိုင်ပွဲအတွက် ပထမဆုံးကစားခွင့်ကို ဒီပွဲစဉ်ရဲ့ ပွဲပြီးကာနီး ၂ မိနစ်လောက်အလိုမှ စတင်ကစားခွင့်ရခဲ့တာဖြစ်ပါတယ်။ တိုနေးဝင်လာပြီးသိပ်မကြာခင်မှာပဲ အင်္ဂလန်က ချေပဂိုးပြန်လည်ရရှိခဲ့လို့ ကစားသမားဟာ အချိန်ပိုမိနစ်ကို ဆက်လက်ကစားခွင့်ရခဲ့ပါတယ်။
ထို့နောက် ဘရန့်ဖို့ဒ်ကြယ်ပွင့်ဟာ အသင်းအတွက် အနိုင်ရစေမယ့်သွင်းဂိုးကို အသင်းခေါင်းဆောင် ဟယ်ရီကိန်းအတွက် ခေါင်းတိုက်ဖန်တီးပေးနိုင်ခဲ့ပြီး ဆွစ်ဇာလန်နဲ့ယှဉ်ပြိုင်ရမယ့် ကွာတားဖိုင်နယ်အဆင့်သို့ အရောက်ပို့ပေးနိုင်ခဲ့ပါတယ်။
ပွဲအပြီးမှာတော့ ဆောက်ဂိတ်က “ဒီပွဲကထူးဆန်းပါတယ်။ ဒါပေမယ့်ဒီညမှာ ကျွန်တော်တို့ရဲ့ယူရိုခရီးစဉ်အဆုံးသတ်တော့မယ်လို့ ဘယ်တုန်းကမှ မခံစားခဲ့ရပါဘူး။ ဖြတ်တင်ဘောတစ်လုံးတင်လိုက်တိုင်းမှာ မျှော်လင့်ချက်ရှိနေခဲ့ပေမယ့် ဘယ်လင်ဟမ်ရဲ့အဆုံးသတ်မှုကို ဒီလောက်အထိပြီးပြည့်စုံလိမ့်မယ်လို့ မထင်ခဲ့ပါဘူး။ အိုင်ဗန်တိုနေးကတော့ သူ့ကို ပွဲပြီးကာနီး ၁ မိနစ်လောက်အလိုမှ အသုံးပြုခဲ့တဲ့အတွက် ကျွန်တော့်ကိုစိတ်ပျက်နေမှာပါ။ ဒါပေမယ့် သူ့ရဲ့သက်ရောက်မှုက ကြီးမားခဲ့ပါတယ်။ ဒုတိယသွင်းဂိုးက သူ့ကြောင့်ရခဲ့တာပါ” လို့ပြောကြားခဲ့ပါတယ်။
အိုင်ဗန်တိုနေးအနေနဲ့ သူ့ကိုစောစောစီးစီးအသုံးမပြုခဲ့တာကြောင့် စိတ်ပျက်ခဲ့တာလားလို့မေးမြန်းရာ ဆောက်ဂိတ်က “ဟုတ်ပါတယ်။ တကယ်တော့ သူ့က ကျွန်တော့်ရဲ့ နောက်ဆုံးဝှက်ဖဲပါပဲ။ဒါပေမယ့် သူ့အနေနဲ့ ဘောလုံးတောင်မထိလိုက်ရတဲ့အခြေအနေရှိဖြစ်သွားခဲ့နိုင်ပါတယ်။ ကျွန်တော်သူ့ကိုနားလည်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ လူစားလဲရတာကိုလည်း ကျွန်တော်မကြိုက်ပါဘူး။ ဒါပေမယ့် သူ့မှာပွဲရဲ့အဖြေကိုပြောင်းလဲနိုင်တဲ့ စွမ်းရည်ရှိတယ်ဆိုတာ ကျွန်တော်ခံစားခဲ့ရပါတယ်” လို့ပြောကြားခဲ့ပါတယ်။
သတင်းစာရှင်းလင်းပွဲမှာတော့ ဆောက်ဂိတ်က “သူ့မျက်နှာကိုကြည့်လိုက်တာနဲ့ သူဘာပြောချင်နေလဲဆိုတာ ကျွန်တော်သိပါတယ်။ ပွဲပြီးကာနီးတစ်မိနစ်အလိုမှ ကစားရတဲ့အခါမှာ ဘယ်ကစားသမားမဆို “ကျွန်တော် ပြိုင်ပွဲတစ်လျှောက်လုံးထိုင်နေခဲ့ရပြီး၊ အခုမှ ခင်ဗျားက ကျွန်တော့်ကို ထည့်တယ်ပေါ့” ဆိုတာမျိုးခံစားရမှာပါ။ ဒါပေမယ့် အဆုံးမှာတော့ သူ ကျွန်တော့်ကိုခွင့်လွှတ်မယ်လို့မျှော်လင့်ပါတယ်” လို့ဖြေကြားခဲ့ပါတယ်။
အုပ်စုအဆင့်ပွဲစဉ် ၃ ပွဲစလုံးမှာ အရန်ခုံပဲထိုင်ခဲ့ရတဲ့ တိုနေးကတော့ “ကျွန်တော် အုပ်စုပွဲတွေမကစားခဲ့ရပါဘူး။ ဒါပေမယ့် အခွင့်အရေးရလာရင် အဆင်သင့်ဖြစ်နေဖို့ ပြင်ဆင်ထားပါတယ်။ ဒီပွဲမှာတော့ ကျွန်တော့်အနေနဲ့ အချိန်မှန် နေရာမှန်မှာ ကစားခွင့်ရခဲ့သလိုခံစားခဲ့ရပါတယ်။ ကျွန်တော်တို့က ဘောလုံးကိုင်ထားသရွေ့ ဂိုးသွင်းနိုင်တဲ့ အရည်အသွေးမြင့်ကစားသမားတွေရှိနေပြီးသားပါ။ ဒီပွဲမှာ ကျွန်တော်တို့ ကောင်းကောင်းကစားခဲ့တယ်လို့ထင်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။