ကနေဒါနဲ့ တတိယနေရာ လုပွဲမှာ ဒါဝင်နူနက်ဇ်ကို ပါဝင်ခွင့်ပေးဖို့ဆုံးဖြတ်ခဲ့တဲ့ တောင်အမေရိကဘောလုံးအဖွဲ့ချုပ်
တောင်အမေရိကဘောလုံးအဖွဲ့ချုပ်ကတော့ လာမယ့်ကနေဒါနဲ့ပွဲမှာ ဒါဝင်နူနက်ဇ်ကို ပါဝင်ခွင့်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့တုန်းက ဥရုဂွေးအသင်းဟာ ကိုလံဘီယာအသင်းကို အရေးနိမ့်ခဲ့ပြီးနောက် ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။
အဆိုပါပွဲအပြီးမှာ ဥရုဂွေးအသင်းသားတွေနဲ့ ကိုလံဘီယာပရိသတ်တွေကြား ခိုက်ရန်ဖြစ်ပွားခဲ့သေးတာဖြစ်ပါတယ်။ သတင်းတွေအရတော့ ဥရုဂွေးကစားသမားတွေဟာ ပွဲကြည့်စင်မှာရှိတဲ့မိသားစုဝင်တွေကို ကာကွယ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ခိုက်ရန်ဖြစ်ပွားမှုနဲ့ပတ်သက်ပြီး တောင်အမေရိကဘောလုံးအဖွဲ့ချုပ်က ကြေညာချက်ထုတ်ပြန်ရာမှာ “ကွင်းတွင်းကော ကွင်းပြင်ပမှာပါ ခိုက်ရန်ဖြစ်ပွားသူတွေအတွက် နေရာမရှိပါဘူး။ အခုလိုမျိုးဘောလုံးရပ်ဝန်းမှာ အကြမ်းဖက်တာတွေကို အပြင်းအထန်ကန့်ကွက်ပါတယ်”လို့ တောင်အမေရိကဘောလုံးအဖွဲ့ချုပ်က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
သတင်းတွေအရ နူနက်ဇ်အနေနဲ့ ဖီဖာရဲ့ပြစ်ဒဏ်ကိုခံရမယ်ဆိုရင် ရှည်လျားတဲ့ဘောလုံးကစားခွင့်ပိတ်ပင်မှုနဲ့ရင်ဆိုင်ရဖွယ်ရှိနေတယ်လို့ သိရပါတယ်။ ကနေဒါနဲ့ပွဲမတိုင်ခင် ရီဖာရီသတင်းဌာနက နူနက်ဇ်အနေနဲ့ ဥရုဂွေးအသင်းအတွက် ပါဝင်ကစားပေးမှာဖြစ်တယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။ “ဒါဝင်အနေနဲ့ လာမယ့်ကနေဒါနဲ့ပွဲမှာ ပါဝင်လာမှာပါ။ ကစားသမားက အသင်းဖော်တွေနဲ့လေ့ကျင့်ခန်းဆင်းနေပါတယ်။ ပရိသတ်တွေနဲ့လည်း ဓာတ်ပုံရိုက်တင်ထားပါတယ်”လို့ Anfield Talk သတင်းဌာနက တင်ခဲ့ပါတယ်။
အဆိုပါဖြစ်ရပ်နဲ့ပတ်သက်ပြီး မာရီယာဂျီမီနက်ဇ်က “သူတို့ကို ဆုံးဖြတ်ချက်မချခင် တစ်ခုခုပြောချင်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့က မိုက်ခရိုဖုန်းမှာ စကားပြောခွင့်မပေးတာကြောင့်ပါ။ သူတို့ဒီအကြောင်းကိုပြောစေချင်မှာမဟုတ်ပါဘူး။ ကျွန်မတို့မိသားစုဝင်တွေက အန္တရာယ်ဖြစ်နေတာပါ။ အဲ့တာကြောင့် ကလေးတွေကိုကာကွယ်ဖို့ သူတို့ပွဲကြည့်စင်ကို ရောက်လာခဲ့တာပါ။ အဲ့တာက တကယ့်ကြမ္မာဆိုးပါ။ အဲ့နေရာမှာ ရဲတွေလည်းမရှိသလို ကျွန်မတို့မိသားစုဝင်တွေကို ကာကွယ်ဖို့ လိုအပ်ပါတယ်။ အရက်အများကြီးသောက်ထားတဲ့လူ ၂ ယောက် ဒါမှမဟုတ် ၃ ယောက်ကြောင့် အခုလိုမျိုးဖြစ်ရတာပါ”လို့ မာရီယာနာက ပြောကြားခဲ့ပါတယ်။