The network connection is lost.

Banner Image

CR7 ရဲ့ ၂၀၂၂ ခုနှစ်က အငြင်းပွားဖွယ် ထွက်ခွာမှုရဲ့ အကြောင်းရင်းကို ခန့်မှန်းပြောကြားလိုက်တဲ့ ဂရေမီ ဆောင်းနက်စ်

ဂရေမီ ဆောင်းနက်စ်က ပေါ်တူဂီနိုင်ငံသားတိုက်စစ်မှူးရဲ့ ထွက်ခွာမှုနောက်ကွယ်က အကြောင်းရင်းကို ခန့်မှန်းပြောကြားခဲ့ပြီး ယူနိုက်တက်အသင်းဟာ ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ကိုင်တွယ်ခဲ့တဲ့အပေါ် ဝေဖန်ခံခဲ့ရပါတယ်။

ရော်နယ်လ်ဒိုဟာ ပီယာ့စ် မော်ဂန်နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ အသင်းနဲ့ ထိုအချိန်က နည်းပြ အဲရစ် တန်ဟက်ဂ်ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီးနောက် ၂၀၂၂ ခုနှစ် နိုဝင်ဘာလမှာ ယူနိုက်တက်နဲ့ စာချုပ်ဖျက်သိမ်းခံခဲ့ရတာကြောင့် အိုးလ်ထရက်ဖို့ဒ်မှာ တစ်နှစ်ကျော်သာ ကြာမြင့်ခဲ့တဲ့ သူ့ရဲ့ ဒုတိယအကြိမ် ကစားသမားဘဝ ပြီးဆုံးခဲ့ပါတယ်။

ရော်နယ်လ်ဒိုဟာ အယ်လ်နာဆာမှာ လစာကောင်းကောင်းနဲ့ စာချုပ်ချုပ်ဆိုခဲ့ပြီး ဒီရာသီ ၃၆ ပွဲမှာ ၃၂ ဂိုး သွင်းယူကာ ဆက်လက်ခြေစွမ်းပြနေချိန်မှာ ယူနိုက်တက်အသင်းကတော့ တန်ဟက်ဂ်ကို ရာထူးက ထုတ်ပယ်ပြီး ရူဘင် အမ်မိုရင်ကို တာဝန်ပေးခဲ့ပေမယ့် ပရီးမီးယားလိဂ်မှာ အဆင့် ၁၄ အထိ ကျဆင်းသွားခဲ့ပါတယ်။ လီဗာပူးအသင်းရဲ့ ကစားသမားဟောင်းနဲ့ မန်နေဂျာဟောင်းဖြစ်သူ ဆောင်းနက်စ်ရဲ့အဆိုအရ ရော်နယ်လ်ဒိုရဲ့ ထွက်ခွာမှုဟာ ဆာ အဲလက်စ် ဖာဂူဆန်ရဲ့ခေတ်က စံနှုန်းတွေ ကျဆင်းလာမှုနဲ့ အသင်းမှာ ခေါင်းဆောင်ကောင်းတွေ မရှိတော့တဲ့ စိတ်ပျက်အားငယ်မှုကြောင့် ဖြစ်နိုင်ပါတယ်။

“သူ အသင်းကို ပြန်ရောက်လာတဲ့အချိန်မှာ သူတွေ့ခဲ့ရတဲ့အရာတွေနဲ့ပတ်သက်ပြီး ရော်နယ်လ်ဒိုက စိတ်ပျက်ခဲ့တယ်။ လူတွေဟာ သူတို့ရဲ့ အသက်မွေးဝမ်းကြောင်းအပေါ် လုံလောက်တဲ့ ဂရုစိုက်မှုရှိရဲ့လားဆိုတာကို သူ မေးခွန်းထုတ်ခဲ့ပါတယ်။ ဆာ အဲလက်စ် ဖာဂူဆန် အနားယူပြီးတဲ့နောက် ဆယ်စုနှစ်အတွင်းမှာ ယူနိုက်တက်မှာ အသင်းကို ဆွဲတင်နိုင်တဲ့ အတွေ့အကြုံရင့် ကစားသမားကောင်းတွေ မရှိခဲ့ဘူး”

“သူတို့မှာ ရော်နယ်လ်ဒိုလို အကောင်းဆုံး ကစားသမားရှိခဲ့တယ်။ ပြီးတော့ ကျွန်တော်ထင်တယ် သူထွက်သွားတာတဲ့ အကြောင်းအရာကို ဖတ်ကြည့်ရင် အိုးလ်ထရက်ဖို့ဒ်ကို ရောက်လာမယ့် ကစားသမားတွေနဲ့ပတ်သက်ပြီး သူ့ကို ကတိတွေပေးခဲ့ပေမယ့် မတည်ခဲ့လို့ပါ"

“ကျွန်တော်ပြောနေတာက ဘောလုံးကို ကန်ဖူးသမျှ အကောင်းဆုံး ကစားသမားတွေထဲက တစ်ယောက်အကြောင်းပါ။ အိုးလ်ထရက်ဖို့ဒ်က ဆုံးဖြတ်ချက်ချသူတွေအတွက် သူ့ပြောစကားကို နားမထောင်တာဟာ မိုက်မဲမှုတစ်ခုပါပဲ။ ခရစ္စတီယာနိုရဲ့ အတ္တကြောင့် အသင်းထိပ်ပိုင်းက တစ်ယောက်ယောက်က သူ့ကို နားထောင်လိမ့်မယ်လို့ သူထင်ခဲ့တယ်လို့ ကျွန်တော်ထင်တယ်။ ဒါပေမဲ့ ဘယ်သူမှ နားမထောင်ခဲ့ဘူး။ ပြီးတော့ နှစ်နှစ်ကျော်ကြာပြီးတဲ့နောက် ယူနိုက်တက်ဟာ ဘယ်ကိုမှ ရှေ့မတိုးနိုင်သေးပါဘူး” လို့ သူက The Mirror ကို ပြောကြားခဲ့ပါတယ်။ 

ယူနိုက်တက်အသင်းဟာ ပြည်တွင်းမှာ ရုန်းကန်နေရပေမယ့် ဒီရာသီ ယူရိုပါလိဂ်ဖလားကို ရရှိခဲ့ရင် နောက်ရာသီ ချန်ပီယံလိဂ်မှာ နေရာတစ်နေရာ ရယူနိုင်ပါသေးတယ်။ အမ်မိုရင်ရဲ့အသင်းဟာ ဒီရက်သတ္တပတ်ကုန်မှာ ဘုန်းမောက်နဲ့ ကစားမယ့် လိဂ်ပွဲအပြီးမှာ အက်သလက်တီကို ဘီလ်ဘာအိုနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။