The network connection is lost.

Banner Image

တော့တင်ဟမ်နဲ့လမ်းခွဲပြီးနောက် မေဂျာလိဂ်ကလပ် အယ်လ်အေအက်ဖ်စီနဲ့ စာချုပ်ချုပ်ဆိုလိုက်တဲ့ ဆွန်ဟောင်မင်

မကြာသေးမီက တော့တင်ဟမ်နဲ့လမ်းခွဲလိုက်တဲ့ တောင်ကိုရီးယားကြယ်ပွင့် ဆွန်ဟောင်မင်ဟာ ယခုအခါမှာတော့ မေဂျာလိဂ်ကလပ် လော့စ်အိန်ဂျလိစ်အက်ဖ်စီနဲ့ စာချုပ်ချုပ်လိုက်ပြီဖြစ်ပြီး အမေရိကန်မြေမှာ ကစားသမားဘဝ ရှေ့ဆက်သွားတော့မှာဖြစ်ပါတယ်။ အသက်-၃၃ နှစ်အရွယ်တောင်ပံကစားသမားဟာ တော့တင်ဟမ်နဲ့လမ်းခွဲကြောင်းကြေညာအပြီး ၃ ရက်အကြာမှာပဲ အယ်လ်အေအက်ဖ်စီသို့ပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိခဲ့တာဖြစ်ပါတယ်။ ဆွန်ဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့က တိုက်ဂါးစ်အသင်းနဲ့ယှဉ်ပြိုင်ခဲ့တဲ့ အယ်လ်အေအက်ဖ်စီရဲ့ပွဲစဉ်ကိုလည်း သွားရောက်ကြည့်ရှုခဲ့သေးတယ်လို့ သိရပါတယ်။ 

အယ်လ်အေအက်ဖ်စီဟာ ဆွန်ဟောင်မင်ကို မေဂျာလိဂ်စံချိန်တင်ပြောင်းရွှေ့ကြေး ဒေါ်လာ သန်း ၂၀ နဲ့ခေါ်ယူခဲ့တာဖြစ်ပြီး ဗုဒ္ဓဟူးနေ့ သတင်းစာရှင်းလင်းပွဲမှာ ကစားသမားကို စတင်မိတ်ဆက်သွားမှာဖြစ်ပါတယ်။ တော့တင်ဟမ်ပရိသတ်တွေနဲ့ အာရှပရိသတ်တွေရဲ့အချစ်တော် ဆွန်ဟောင်မင်ဟာ လန်ဒန်မှာနေထိုင်ခဲ့တဲ့ ၁၀ နှစ်တာကာလအတွင်း တော့တင်ဟမ်အတွက် စုစုပေါင်း ၄၅၄ ပွဲကစားပေးခဲ့ကာ ၁၇၃ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။ တောင်ကိုရီးယားလက်ရွေးစင်အသင်းမှာသာမက တော့တင်ဟမ်မှာလည်း အသင်းခေါင်းဆောင်တာဝန်ကိုယူထားရတဲ့ ဆွန်ဟောင်မင်ဟာ ပြီးခဲ့တဲ့အပတ်က နယူးကာဆယ်နဲ့ယှဉ်ပြိုင်ခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲစဉ်မှာ ပရိသတ်တွေကို နှုတ်ဆက်စကားဆိုခဲ့ပါတယ်။ 

ဆွန်အနေနဲ့ တောင်ကိုရီးယားမှာသာမက အာရှတိုက်ရဲ့ အအောင်မြင်ဆုံးဘောလုံးသမားဖြစ်ခဲ့ပေမယ့် ဥရောပမှာ ဆက်လက်နေထိုင်ဖို့ဆန္ဒမရှိတာကြောင့် အမေရိကန်သို့ပြောင်းရွှေ့ခဲ့တာလည်းဖြစ်ပါတယ်။ ဒါ့အပြင် လော့စ်အိန်ဂျလိစ်မြို့ဟာ တောင်ကိုရီးယားနိုင်ငံသား အများအပြားနေထိုင်တဲ့မြို့တော်ဖြစ်တာကြောင့်လည်း ဆွန်အနေနဲ့ အယ်လ်အေအက်ဖ်စီကို ရွေးချယ်ခဲ့ပုံပေါ်ပါတယ်။ 

လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားကို အမေရိကန်မှာကျင်းပသွားမှာဖြစ်လို့ ဆွန်အနေနဲ့ အခုလို အမေရိကန်မြေနဲ့ ရင်းနှီးထိတွေ့ရင်း လက်ရွေးစင်တောင်ကိုရီးယားအသင်းအတွက်လည်း အထောက်ပြုစေမယ်လို့ ရည်ရွယ်ထားခဲ့တာဖြစ်ပါတယ်။ ကစားသမားဟာ ၂၀၂၆ ကမ္ဘာ့ဖလားမှာ တောင်ကိုရီးယားအသင်းအတွက် ပါဝင်ကစားသွားမှာဖြစ်တယ်လို့လည်း ပြောကြားထားပါတယ်။ 

ပြီးခဲ့တဲ့ရာသီက ဆွန်ဟာ ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၇ ဂိုးသာသွင်းယူနိုင်ခဲ့တာကြောင့် သူ့ရဲ့တော့တင်ဟမ်ကစားသမားဘဝတစ်လျှောက် ဂိုးရရှိမှုအနည်းဆုံးရာသီဖြစ်ခဲ့ပေမယ့် ယူရိုပါလိဂ်ဆုဖလားကိုတော့ ဆွတ်ခူးပေးနိုင်ခဲ့ပြီး အသင်းရဲ့ကာလရှည်ဆုဖလားမိုးခေါင်မှုကို အဆုံးသတ်ပေးနိုင်ခဲ့ပါတယ်။ ဆွန်အနေနဲ့ ယခင်က တော့တင်ဟမ်မှာ အတူတူတွဲဖက်ကစားခဲ့ဖူးတဲ့ လက်ရှိအယ်လ်အေအက်ဖ်စီဂိုးသမား ဟူဂိုလိုရစ်နဲ့လည်း ပြန်လည်တွေ့ဆုံသွားရမှာဖြစ်ပါတယ်။