The network connection is lost.

Banner Image

နောက်ဆုံးတော့ ကလပ်ဂန္ထဝင်တစ်ယောက်ဖြစ်ခဲ့ပြီလို့ ဆိုလာတဲ့ ဆွန်ဟောင်မင်

ယနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ မန်ချက်စတာယူနိုက်တက်ကို ၁-၀ နဲ့အနိုင်ရကာ တော့တင်ဟမ်အတွက် ချန်ပီယံဆုဖလားကို ဆွတ်ခူးပေးနိုင်ခဲ့ပြီးနောက် အသင်းခေါင်းဆောင် ဆွန်ဟောင်မင်က ယခုအခါမှာတော့ သူဟာ ကလပ်ဂန္ထဝင်တစ်ယောက်ဖြစ်လာခဲ့ပြီလို့ ပြောကြားလာခဲ့ပါတယ်။ 

ယခုပွဲစဉ်မှာ‌ တော့တင်ဟမ်အတွက်အနိုင်ဂိုးကို တောင်ပံကစားသမား ဘရန်နန်ဂျွန်ဆန်က ပထမပိုင်းပြီးကာနီးမှာ သွင်းယူပေးခဲ့တာဖြစ်ပြီး အဆိုသွင်းဂိုးက ယူရိုပါလိဂ်ချန်ပီယံဖြစ်စေဖို့ လုံလောက်စေခဲ့ပါတယ်။ တော့တင်ဟမ်အနေနဲ့ နှစ်ပေါင်း ၁၇ နှစ်အတွင်း ပထမဆုံးအကြိမ် ဆုဖလားပြန်လည်ဆွတ်ခူးနိုင်ခဲ့တာဖြစ်သလို၊ ဆွန်ဟောင်မင်အနေနဲ့လည်း ပထမဆုံးအကြိမ်ဆုဖလား ရရှိခဲ့တာဖြစ်ပါတယ်။ 

တော့တင်ဟမ်မှာနေထိုင်ခဲ့တဲ့ ၁၀ နှစ်တာကလအတွင်းမှာ တောင်ကိုရီးယားလက်ရွေးစင်ဟာ ချန်ပီယံလိဂ်နဲ့ ကာရာဘောင်ဖလား ဗိုလ်လုပွဲတွေ ကစားခဲ့ဖူးပေမယ့် ဒုတိယအဖြစ်နဲ့သာ ကျေနပ်ခဲ့ရတာဖြစ်ပြီး ယခုအခါမှသာ ချန်ပီယံအဖြစ် ပထမဆုံးအကြိမ် အောင်ပွဲခံနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ဆွန်ဟောင်မင်က နောက်ဆုံးတော့ သူ့ကို ကလပ်ဂန္ထဝင်လို့ သတ်မှတ်လို့ရပြီဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ 

ဆွန်ဟောင်မင်က "ကျွန်တော် အခု ဂန္ထဝင်တစ်ယောက်ဖြစ်သွားပါပြီ။ ဒီနေ့မှာပဲ ကျွန်တော် ဂန္ထဝင်ဖြစ်သွားတာပါ။ ၁၇ နှစ်အတွင်း ဘယ်သူမှ မလုပ်နိုင်ခဲ့တာကို ကျွန်တော်တို့ လုပ်နိုင်ခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်က ကလပ်ရဲ့ ဂန္ထဝင်တစ်ယောက်လို့ ပြောလို့ရပါပြီ။ ကျွန်တော် ဒီလိုအောင်မြင်မှုရဖို့ အမြဲတမ်း အိပ်မက်မက်ခဲ့ပါတယ်။ အခုချိန်မှာ ကျွန်တော် ကမ္ဘာ့အပျော်ရွှင်ဆုံးလူတစ်ယောက်ဖြစ်နေပါပြီ" လို့ပြောကြားခဲ့ပါတယ်။ 

လက်ရှိပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၁၇ နေရာမှာရပ်တည်နေတဲ့ တော့တင်ဟမ်ဟာ ယူရိုပါလိဂ်ဆုဖလားကိုဆွတ်ခူးနိုင်ခဲ့တာကြောင့် နောက်ရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရသွားမှာဖြစ်ပါတယ်။ဆက်လက်ပြီး ဆွန်က "ရာသီတစ်ခုလုံးကို ခြုံကြည့်မယ်ဆိုရင် ကျွန်တော်တို့မှာ ခက်ခဲတဲ့အချိန်တွေအများကြီးရှိခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အမြဲတမ်း စည်းစည်းလုံးလုံးပဲ နေခဲ့ကြပါတယ်။ ဖိအားဒဏ်တွေကို ခံစားခဲ့ရပြီး ဒီဆုဖလားကို အရမ်းလိုချင်ခဲ့ပါတယ်။ ဒီပွဲမှာအနိုင်မရမှာစိတ်ပူလွန်းလို့၊ ညဘက်တွေဆို အိပ်မရခဲ့ပါဘူး။ အခုတော့ ကျွန်တော် နှစ်နှစ်ခြိုက်ခြိုက်အိပ်လို့ရပါပြီ။ ဒီနေ့ ကျွန်တော်တို့ အသားကုန်အောင်ပွဲခံသွားမှာဖြစ်ပြီး ဘယ်တော့မှမမေ့နိုင်မယ့်အချိန်တစ်ခုကို ဖန်တီးသွားပါမယ်။ မနက်ဖြန်လေယာဉ်တောင် ကျွန်တော်တို့ မမီလောက်ပါဘူး" လို့ပြောကြားခဲ့ပါတယ်။