The network connection is lost.

Banner Image

အင်တာမီလန်မှထွက်ခွာလာသူ ဆီမြွန်နီအင်ဇာဂီကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်တဲ့ အယ်လ်ဟီလယ်

အယ်လ်ဟီလယ်အသင်းနည်းပြသစ်အဖြစ် ဆီမြွန်နီအင်ဇာဂီကို နှစ်နှစ်သက်တမ်းရှိစာချုပ်တစ်ရပ်ဖြင့် ခန့်အပ်လိုက်တယ်လို့ ဆော်ဒီပရိုလိဂ်ကလပ်က ဗုဒ္ဓဟူးနေ့မှာ အတည်ပြုကြေညာပါတယ်။ အသက်-၅၁ နှစ်အရွယ်နည်းပြအင်ဇာဂီက ပီအက်စ်ဂျီကို ၅-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲအပြီး အင်တာမီလန်အသင်းမှ ထွက်ခွာလာခဲ့သူ ဖြစ်ပါတယ်။

သတင်းတွေအရ အယ်လ်ဟီလယ်က သူ့အတွက် တစ်ရာသီလုပ်ခလစာ ယူရိုသန်း ၂၀ ထက်မနည်း ပေးချေသွားမယ်လို့ သိရပါတယ်။ ဆော်ဒီပရိုလိဂ်ကလပ်ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ “ အီတာလျံပါရမီရှင်တစ်ဦး ရောက်ရှိလာပါပြီ”လို့ ဖော်ပြခဲ့ပါတယ်။ လာဇီယိုနည်းပြဟောင်းက ပြီးခဲ့တဲ့နှစ်မှာ အင်တာမီလန်ကို စီးရီးအေချန်ပီယံဖြစ်လာအောင် လမ်းပြပေးခဲ့သလို မန်စီးတီးကို အရေးနိမ့်ခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာလည်း အသင်းကို ဦးဆောင်ခဲ့ပါတယ်။

အင်ဇာဂီဦးဆောင်တဲ့ အင်တာမီလန်က အခုဘောလုံးရာသီ၊ စီးရီးအေပြိုင်ပွဲကို ချန်ပီယံနာပိုလီနဲ့ တစ်မှတ်အကွာ၊ ဒုတိယနေရာဖြင့် ပိတ်သိမ်းခဲ့ပါတယ်။ အင်တာမီလန်က ဧပြီလ၊ ကိုပါအီတာလီယာဖလားဆီမီးဖိုင်နယ်မှာ မြို့ခံပြိုင်ဘက်အေစီမီလန်ကို မရှုံးနိမ့်ခင်အထိ ဆုဖလားသုံးလုံးအောင်မြင်မှုလမ်းကြောင်းထက် ရှိနေခဲ့ပါတယ်။ သူတို့တွေက ဇန်နဝါရီလ၊ ဆော်ဒီမြေ အီတာလျံစူပါဖလားဗိုလ်လုပွဲမှာ အေစီမီလန်ကိုပဲ ရှုံးနိမ့်ထားလို့ ဆုဖလားလက်မဲ့ဘဝဖြင့် ရာသီပိတ်သိမ်းခဲ့ပါတယ်။

အယ်လ်ဟီလယ်နည်းပြသစ်ရာထူးဖြင့် အင်ဇာဂီ ပထမဆုံးရင်ဆိုင်ရမယ့် စမ်းသပ်မှုက အမေရိကန်နိုင်ငံမှာ ကျင်းပမယ့် ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲပဲ ဖြစ်ပါတယ်။ အယ်လ်ဟီလယ်က ဇွန် ၁၈ ရက်၊ မီယာမီရှိ Hard Rock Stadium မှာ ရီးရဲလ်မက်ဒရစ်နဲ့ အုပ်စုအဖွင့်ပွဲစဉ် ယှဉ်ပြိုင်ကစားရပါမယ်။