The network connection is lost.

Banner Image

လီဗာပူးပရိသတ်တွေနဲ့ ရန်ပွဲဖြစ်ပွားမှုအပေါ် နောင်တရနေတဲ့ ဒီယေဂိုဆီမြွန်နီ

အက်သလက်တီကိုမက်ဒရစ်နည်းပြဒီယေဂိုဆီမြွန်နီက စိတ်လှုပ်ရှားဖွယ်အန်ဖီးလ်ကွင်းချန်ပီယံလိဂ်ပွဲစဉ်အပြီး လီဗာပူးပရိသတ်တွေနဲ့ ထိပ်တိုက်တွေ့ဆုံခဲ့မှုအတွက် နောင်တရမိပေမဲ့ ပွဲချိန်တလျှောက်လုံး စော်ကားခံခဲ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။ ကြိုးကြာနီတွေရဲ့ ၃-၂ ဂိုးနိုင်ပွဲအတွင်း လီဗာပူးအသင်းခေါင်းဆောင်ဗန်ဒိုက်ရဲ့ ပွဲချိန် ၉၂ မိနစ်အနိုင်ဂိုး ထွက်ပေါ်လာချိန် အိမ်ကွင်းပရိသတ်အချို့ရဲ့လှောင်ပြောင်မှုကို ဆီမြွန်နီက ဒေါသတကြီးတုံ့ပြန်ခဲ့တာပါ။

အာဂျင်တီးနားသားက သူနဲ့ လီဗာပူးပရိသတ်တွေအကြား ကွင်းလုံခြုံရေးအချို့နေရာယူထားချိန်မှာပဲ ကွင်းဘေးရှိစတုတ္ထဒိုင်ဆီ တိုင်ကြားမှုပြုလုပ်ခဲ့ပါတယ်။ ဒီဖြစ်ရပ်ကြောင့်ပဲ ဆီမြွန်နီက အနီကတ်ပြသခံရကာ ကွင်းအတွင်းမှ ထွက်ခွာပေးခဲ့ရပါတယ်။ ဥမင်လှိုဏ်ခေါင်းဆီ ဝင်ရောက်သွားချိန်မှာလည်း အာဂျင်တီးနားသားက သူ့ရဲ့မကျေမနပ်ဖြစ်မှုကို ထပ်မံဖော်ထုတ်သွားခဲ့ပါတယ်။

ပွဲပြီးသတင်းစာရှင်းလင်းပွဲအတွင်း အသက်-၅၅ နှစ်အရွယ်နည်းပြက “ ပထမဆုံးအဖြစ် ကျွန်တော်ပါဝင်မိတဲ့ ဖြစ်ရပ်အတွက် နောင်တရမိပါတယ်။ ကျွန်တော်တို့မှာ တုံ့ပြန်ပိုင်ခွင့်မရှိဘူးဆိုတာ ရှင်းပါတယ်။ တုံ့ပြန်ပိုင်ခွင့်ရှိတဲ့ အခိုက်အတန့်ကောင်းလည်း မဟုတ်ပါဘူး”လို့ ပြောပါတယ်။

ဒါပေမဲ့ အခုပွဲစဉ်တလျှောက်လုံး၊ အိမ်ကွင်းပရိသတ်တွေရဲ့ စော်ကားတိုက်ခိုက်မှုတွေအတွက် မကျေမနပ်ဖြစ်မိတယ်လို့ ဆီမြွန်နီက ဆိုပါတယ်။ သူက “ ကျွန်တော်တို့နည်းပြတွေဆိုတာ အဓိကဇာတ်ဆောင်လို အခန်းကဏ္ဍမျိုးမှာ ရှိနေပါတယ်။ ဒါကြောင့် ဒီနေ့လိုမျိုး တစ်ကွင်းလုံးရဲ့လူမျိုးရေးခွဲခြားမှုနဲ့ စော်ကားမှုတွေကို တိုက်ဖျက်ရာမှာ နည်းပြတွေကိုယ်စား ပါဝင်တိုက်ခိုက်သွားနိုင်ပါတယ်။ ပွဲချိန်တလျှောက်လုံး ကျွန်တော်တို့အပေါ်စော်ကားမှုတွေကိုလည်း ဆန့်ကျင်သွားနိုင်ပါတယ်။

ပွဲချိန်တလျှောက်လုံးစော်ကားတိုက်ခိုက်ခံနေရတဲ့အခြေအနေမျိုးဆီ ရောက်ရှိနေတာ မလွယ်ကူလှပါဘူး။ တတိယဂိုးအပြီး စော်ကားတိုက်ခိုက်မှုတွေကို အဝေးမှ မြင်တွေ့ခဲ့ရပါတယ်။ တတိယဂိုးဝင်သွားတော့ ကျွန်တော်လည်း လှည့်ထွက်လာခဲ့ပြီး စော်ကားတိုက်ခိုက်မှုတွေ ဆက်ရှိနေခဲ့ပါတယ်။ ကောင်းပြီ၊ ကျွန်တော်ကိုယ်တိုင်လည်း ပုထုဇဉ်တစ်ဦးပါ”လို့ ပြောပါတယ်။

ဘယ်လိုစော်ကားတိုက်ခိုက်မှုမျိုး ခံစားခဲ့ရသလဲဆိုတဲ့ မေးခွန်းကို တုံ့ပြန်ရာမှာ ဆီမြွန်နီက “ အတိအကျမမှတ်မိတော့ဘူးဆိုတာ အမှန်တရားပါ။ ဒီလိုအခြေအနေမျိုးဆီ ကျွန်တော်ကိုယ်တိုင်လည်း ဝင်မပါချင်ခဲ့ပါဘူး။ ကျွန်တော့်မှာရှိနေတဲ့တစ်ခုတည်းသောအရာက ကျွန်တော့်ရဲ့အခြေအနေကို ထိန်းသိမ်းထားဖို့ပဲ ဖြစ်ပါတယ်။ အရန်ခုံတန်းရှေ့မှောက် ဖြစ်လာသမျှကို ခံနိုင်ရည်ရှိရမယ်ဆိုတာနဲ့ လူ့အဖွဲ့အစည်းဆိုတာ ပြုပြင်းပြောင်းလဲဖို့ မလွယ်ကူဘူးဆိုတာကို သိထားရပါမယ်။ ဒါမျိုးတွေက အချိန်တိုင်းဖြစ်ပေါ်နေလို့ ဘယ်နည်းပြပဲဖြစ်ဖြစ် လိုက်လျောညီထွေ နေထိုင်သွားရပါမယ်။

ကျွန်တော့်ရဲ့တုံ့ပြန်ပုံ မလျော်ကန်ဘူးဆိုတာသိပေမဲ့ မိနစ် ၉၀ လောက် စော်ကားတိုက်ခိုက်မှုကို ခံခဲ့ရတယ်ဆိုတာကို သိကြပါရဲ့လား? လီဗာပူးအသင်းဘက်ကလည်း ဒီလိုစော်ကားတိုက်ခိုက်ခဲ့တဲ့ပုဂ္ဂိုလ်ကို ဖော်ထုတ်ကာ ဒီလိုအခန်းကဏ္ဍမျိုးကို မြှင့်တင်ပေးနိုင်မယ်ဆိုရင် အကျိုးဆက်ဆိုတာ ရှိလာပါလိမ့်မယ်”လို့ ပြောပါတယ်။

လီဗာပူးက ပွဲအစ ၆ မိနစ်အတွင်းမှာပဲ ရောဘတ်ဆန်၊ မိုဆာလက်တို့ရဲ့သွင်းဂိုးတွေနဲ့အတူ နှစ်ဂိုးပြတ်ဦးဆောင်ခဲ့ပေမယ့် အက်သလက်တီကိုမက်ဒရစ်နောက်ခံလူလော်ရန်တေရဲ့ချေပဂိုးနှစ်ဂိုးကို ပြန်လည်ခွင့်ပြုပေးခဲ့ရကာ အခက်ကြုံသွားခဲ့ပါတယ်။ဒါပေမဲ့ ဒုတိယပိုင်းနာကျင်အချိန်ပိုမှာ ဆိုဘိုဆလိုင်းရဲ့ထောင့်ကန်ဘောပေးပို့မှု ကို ဗန်ဒိုက်အကောင်းဆုံးခေါင်းတိုက်အဆုံးသတ်ပြီး အဖိုးတန်အိမ်ကွင်းနိုင်ပွဲကို ရယူသွားခဲ့ပါတယ်။