
ယူနိုက်တက်ဂိုးသမားသစ် လမ်မန်းစ်ကို ဂန္ထဝင်ဂိုးသမား ရှမိုက်ကယ်ချီးကျူး
မန်ချက်စတာယူနိုက်တက်ဂန္ထဝင်ဂိုးသမားဟောင်း ပီတာရှမိုက်ကယ်က ပြီးခဲ့တဲ့စနေနေ့က ဆန်းဒါးလန်းနဲ့ပွဲမှာ ဂိုးမပေးရအောင်စွမ်းဆောင်နိုင်ခဲ့တဲ့ ဂိုးသမားသစ်လေး ဆန်နီလမ်မန်းစ်ကို ချီးကျူးပြောဆိုလာခဲ့ပါတယ်။ ယူနိုက်တက်ဟာ ယခုရာသီ ပွဲစဉ်တိုင်းမှာဂိုးပေးခဲ့ရပေမယ့် လမ်မန်းစ်ကို စတင်အသုံးပြုခဲ့တဲ့ပွဲစဉ်မှာတော့ ဆန်းဒါးလန်းကို ၂-၀ နဲ့အနိုင်ရပြီး ဒီရာသီပထမဆုံးအကြိမ် Clean Sheet ရရှိခဲ့ပါတယ်။
နည်းပြရူဘင်အာမိုရင်အနေနဲ့ လမ်မန်းစ်ကို အပြောင်းအရွှေ့ကာလ နောက်ဆုံးမှာခေါ်ယူခဲ့ပေမယ့် ဘယင်ဒါကိုသာ ပွဲစဉ်တိုင်းမှာ အသုံးပြုခဲ့ပြီး လမ်မန်းစ်ကိုတော့ ယခုအခါမှပထမဆုံးအကြိမ် အသုံးပြုခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီတွေမှာဂိုးသမားနေရာအတွက် အခက်ကြုံခဲ့ရတဲ့ယူနိုက်တက်အတွက် အနာဂတ်မှာ လမ်မန်းစ်ဟာ သင့်တော်တဲ့ဂိုးသမားဖြစ်လာနိုင်တယ်လို့လည်း ထင်ကြေးပေးထားကြပါတယ်။
ယခုအခါမှာ ပီတာရှမိုက်ကယ်ကလည်း "ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ကျွန်တော်တို့အသုံးပြုခဲ့တဲ့ဂိုးသမားတွေကိုကြည့်ပါ။ အမှားတွေအများကြီးနဲ့ ဂိုးတွေအများအပြားခွင့်ပြုခဲ့ရပါတယ်။ ဒီရာသီမှာလည်းကျွန်တော်တို့ ၉ ဂိုးအထိခွင့်ပြုထားရပြီး ဒီပမာဏက အရမ်းများတယ်လို့ပြောရမှာပါ။ ဒါပေမယ့် ပြီးခဲ့တဲ့ပွဲမှာတော့ ကျွန်တော်တို့ မမြင်ရတာကြာပြီဖြစ်တဲ့ Clean Sheet ကိုရရှိခဲ့ပါတယ်"
"အခုဂိုးသမားလေး လမ်မန်းစ်က အသင်းမှာအသားကျဖို့ အချိန်တွေအများကြီးမလိုပါဘူး။ ပြီးခဲ့တဲ့ပွဲမှာ သူ့ရဲ့ကာကွယ်မှုတွေနဲ့ အသင်းဖော်တွေနဲ့ ဘယ်လိုချိတ်ဆက်နိုင်ခဲ့သလဲဆိုတာ အားလုံးမြင်ရမှာပါ။ သူကောင်းကောင်းလုပ်နိုင်ခဲ့ပါတယ်။ ဒါက အသင်းအတွက် အပြုသဘောဆောင်တဲ့အချက်ပါ။ ဒါပေမယ့် သူက အသင်းအတွက် စစ်မှန်တဲ့ဂိုးသမားဖြစ်မဖြစ်ကိုတော့ သူအမှားလုပ်တဲ့အချိန်နဲ့ အဲဒီအမှားတွေကို ဘယ်လိုတုံ့ပြန်မလဲဆိုတဲ့အပေါ် စောင့်ကြည့်သွားရမှာပါ" လို့ပြောကြားခဲ့ပါတယ်။
လာမယ့်အောက်တိုဘာလ ၁၉ ရက်နေ့မှာတော့ ယူနိုက်တက်ဟာ ခက်ခဲတဲ့ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် လီဗာပူးကို အန်ဖီးလ်မှာသွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး လမ်မန်းတစ်ယောက် ပွဲထွက်ဂိုးသမားအဖြစ်ဆက်လက်ပါဝင်လာနိုင်မလား စောင့်ကြည့်ရပါမယ်။