
အာဆင်နယ်ကစားသမားသစ်နဲ့ပတ်သက်ပြီး မေးခွန်းထုတ်လိုက်တဲ့ စခိုးလ်
ယူနိုက်တက်ဂန္ထဝင်ဟောင်း ပေါလ်စခိုးလ်က အာဆင်နယ်ရဲ့ဇူဘီမန်ဒီခေါ်ယူမှုကို မေးခွန်းထုတ်ခဲ့သလို အာဆင်နယ်မှာ အထိုင်ကျမယ့်အခြေအနေနဲ့ပတ်သက်ပြီးလည်း သံသယရှိနေပါတယ်။ အာတီတာဟာ အသက် ၂၆ နှစ်သားကို လာမယ့်နွေရာသီရဲ့ထိပ်တန်းပစ်မှတ်အဖြစ် သတ်မှတ်ထားခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်ဟာ စပိန်သားကို လအတော်ကြာဆွေးနွေးထားခဲ့တာဖြစ်ပြီး ရီးရဲလ်အသင်းက ကြားဖြတ်လုယူခဲ့သေးတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဇူဘီမန်ဒီဟာ အာဆင်နယ်ကိုပြောင်းဖို့သာ သဘောတူထားပြီးဖြစ်တာကြောင့် ရီးရဲလ်ကို ငြင်းဆန်ခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။
ဂျော်ဂျင်ဟိုထွက်ခွာမယ့်အနေအထားမှာ အာဆင်နယ်ဟာ သူ့နေရာအတွက် ကြိုတင်အစားထိုးနိုင်ခဲ့တာဖြစ်ပြီး ပါတေးကလည်း ထွက်ခွာဖို့ ချိတ်ဆက်နေပါတယ်။ ဇူဘီမန်ဒီဟာ အာဆင်နယ်ရဲ့ခံစစ် ၄ ယောက်တန်းအရှေ့မှာကစားမှာဖြစ်ပြီး ဒီကလန်ရိုက်စ်က တိုက်စစ်ပိုမိုလိုက်ပါမှာဖြစ်ပါတယ်။
ဒါပေမယ့် စခိုးလ်က ဇူဘီမန်ဒီအနေနဲ့ အာဆင်နယ်မှာ အံဝင်နိုင်မလားဆိုတာကို မေးခွန်းထုတ်ခဲ့ပါတယ်။ “ဇူဘီမန်ဒီက ဘယ်နေရာကို ဖြည့်မှာလဲဗျ?။ ကျွန်တော် နေရာလွတ်မမြင်မိပါဘူး။ ဒီကလန်ရိုက်စ်က အဲ့နေရာမှာကစားနိုင်ပါတယ်။ လူတိုင်းက ရိုက်စ်ကို တိုက်စစ်ပိုလိုက်ပါနိုင်တယ်လို့ မြင်နေပါတယ်။ကျွန်တော်ကတော့ အဲ့လိုမမြင်ပါဘူး။ ယူနိုက်တက်နဲ့ပွဲမှာ ဇူဘီမန်ဒီစွမ်းဆောင်ရည်ကို ကျွန်တော်မြင်ခဲ့ရပါတယ်။ ကျွန်တော် သဘောမကျပါဘူး”လို့ စခိုးလ်က ဖြေကြားခဲ့ပါတယ်။
ဂယ်ရီနဗီးလ်ကတော့ စခိုးလ်နဲ့အမြင်မတူပဲ အာဆင်နယ်အတွက် ကောင်းမွန်တဲ့ခေါ်ယူမှုလို့ ယုံကြည်နေပါတယ်။ ဇူဘီမန်ဒီဟာ ဆိုစီဒက်အတွက် ပွဲပေါင်း ၂၀၀ ကျော်ပါဝင်ခဲ့သလို စပိန်အသင်းကို ယူရို ၂၀၂၄ ချန်ပီယံဖြစ်အောင် ကူညီပေးနိုင်ခဲ့ပါတယ်။
“ခင်ဗျားဒီလိုပြောလို့ ကျွန်တော် အံ့အားသင့်ရပါတယ်။ ဒီကလန်ရိုက်စ်ကော ပါတေးကောက တကယ်ကောင်းတဲ့ကစားသမားတွေပါ။ ဒါပေမယ့် တစ်ပွဲလုံးကို ထိန်းချုပ်နိုင်တဲ့ကစားသမားမျိုးမရှိသေးပါဘူး။ သူတို့ အဲ့နေရာမှာ တကယ်ရုန်းကန်နေရပါတယ်။ ဂျော်ဂျင်ဟိုက အကောင်းဆုံးပါ။ ခင်ဗျားမမြင်တာကို ကျွန်တော် အံ့အားသင့်မိပါတယ်။ သူတို့ ဘောလုံးကိုင်ပြီး ပွဲကိုထိန်းချုပ်နိုင်တဲ့ကစားသမားမျိုးလိုအပ်ပါတယ်”လို့ နဗီးလ်က ပြောကြားခဲ့ပါတယ်။
အာဆင်နယ်ဟာ အခုလာမယ့်နွေရာသီမှာ ဇူဘီမန်ဒီအပြင် ထိပ်တန်းတိုက်စစ်မှူးတစ်ဦးလည်း ခေါ်ယူမှာဖြစ်ပါတယ်။ လက်ကျန် ၂ ပွဲအလိုမှာ အာဆင်နယ်ဟာ အဆင့် ၂ နေရာမှာ ရပ်တည်နေပြီး အခုအပတ်မှာ နယူးကာဆယ် နဲ့ ရာသီပိတ်နောက်ဆုံးပွဲမှာ ဆောက်သမ်တန်နဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။